#Local_News
Published_ 16 January 2024


အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဇန်နဝါရီ ၁၅ ရက်တွင် ဘရူနိုင်းသံရုံး၌ ကျင်းပခဲ့သည့် (၁၂၂) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီ (ASEAN New Delhi Committee - ANDC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

အစည်းအဝေး၌ ANDC အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Dato Alaihuddin Mohd Taha က တာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ထို့နောက်အာဆီယံသံအမတ်ကြီးများမှ အာဆီယံ-နယူးဒေလီ ကော်မတီအနေဖြင့် အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ အကြား စီးပွားဆက်သွယ်မှု လွယ်ကူချောမွေစေရေးတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။

 

အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ အာဆီယံသံအမတ်ကြီးများမှ ၂၀၂၃ ခုနှစ်၊ ဒုတိယ နှစ်ဝက်ကာလအတွက် ANDC ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဘရူနိုင်း သံအမတ်ကြီးအား ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက် ကာလအတွက် ANDC အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Koy Kuong မှ တာဝန်ကို လွှဲပြောင်းလက်ခံခဲ့ပါတယ်။

 

မြန်မာသံအမတ်ကြီးက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြန် အလှန် သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ပါတယ်။

 

#Local_News #အာဆီယံ-နယူးဒေလီ #မြန်မာသံအမတ်ကြီးတက်ရောက် #Ymg_mnn #Yangon_Media_Group