#Local_News
Published_ 16 January 2024


မန္တလေး၊ မိုးကုတ်နှင့် ပြင်ဦးလွင်မြို့များတွင် အခြေချနေထိုင်သည့် ကိုးကန့်တိုင်းရင်းသား မိသားစုများကဘုရားစေတီပုထိုးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးသည့်လုပ်ရပ်များအပေါ်ကန့်ကွက်ရှုတ်ချကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာကိုးကန့်ဓမ္မာရုံမှ ထုတ်ပြန်သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ အများပြည်သူ ကြည်ညိုကိုးကွယ်နေသည့် ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ ဘုရားစေတီအား MNDAA အဖွဲ့ ဝင်တစ်ဦးက သံတူဖြင့်ထု၍ ဖျက်ဆီးနေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ စိတ်မချမ်းမြေ့ဖွယ်ရာတွေ့ရှိရသဖြင့် ဘုရားစေတီပုထိုးနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ဖျက်ဆီးသည့် လုပ်ရပ်များသည် အမျိုးဘာသာသာသနာညှိုးနွမ်းထိခိုက်စေရန် ဆောင်ရွက်ခြင်းဖြစ်၍ မန္တလေး၊ မိုးကုတ်၊ ပြင်ဦးလွင်မြို့များတွင် အခြေချနေထိုင်လျက်ရှိသော ဗုဒ္ဓဘာသာ ကိုးကန့်တိုင်းရင်းသား မိသားစုအားလုံးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

 

လောက်ကိုင်တွင် စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေသော ဗီဒီယိုဖိုင်အွန်လိုင်းတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ MNDAA အဖွဲ့က လွန်စွာတောင်းပန်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ဆင်ဦးကင်းတောင်ကုန်း (ပွိုင့် ၂၂၀၂)တွင် တည်ထားကိုးကွယ်သည့် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့် ရိုက်နှက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ဇန်နဝါရီ ၈ ရက်က ပျံ့နှံ့ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ကန့်ကွက်ဆန္ဒပြပွဲများရှိခဲ့ကြောင်း သိရသည်။

 

#Local_News #ဘုရားစေတီပုထိုးဖျက်ဆီး #ရှုတ်ချကြောင်းထုတ်ပြန် #Yangon_Times #Yangon_Media_Group