#Local_News
Published_11 January 2024


ထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားသဖြင့် ပြန်လည်ဆက်သွယ်လာသည့် အနေထားရှိသည့်အတွက် မိမိတို့ဘက်မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားသည်။

 

ဇန်နဝါရီ ၁၀ရက်က ပြုလုပ်သည့်မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခြင်းဖြစ်သည်။

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်း ကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဖြေရှင်းဆောင်ရွက်ရမည့် အနေအထားများလည်း ရှိပါကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိနေသည်ကို သိရှိရကြောင်းပြောသည်။

 

 ထို့အပြင် လက်ရှိထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိသည့်အတွက် ယင်းအပေါ်တွင် မိမိတို့အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း။ ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒအနေဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေးဇုန် တည်ထောင်ပြီး အရှေ့ စီးပွားရေးစင်္ကြံ (Eastern Economic Corridor)ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယူဆပါကြောင်း၊ တစ်ဖက်တွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်သူအသစ်ရွေးချယ်၍ ကုန်ကျစရိတ်များသာရှိပြီး ဝင်ငွေမရှိသည့် Special Purpose Vehicle (SPV) ဖျက်သိမ်းရေး ကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း အစည်းဝေးတွင် ပြောကြားခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီး ချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

#Local_News #ထားဝယ်အထူးစီးပွားရေးဇုန် #ပူးပေါင်းဆောင်ရွက်သွားရန်လို #YMG/LW #Yangon_Times