#Local_News
Published_8 January 2024


ချင်းပြည်နယ်၊ ဟားခါးတွင် ရေခဲအမှတ်သုညဒီဂရီအောက်ရောက်ရှိနေပြီးချင်း၊ကချင်၊ရှမ်းတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ရောက်ရှိကာအရင်နှစ်များထက်ပို အေးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

 

ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (-၂)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ ကျောက်မဲမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီနှင့် ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ လွိုင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန် မြို့နှင့် မိုးကုတ်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီတို့ ရှိခဲ့သည်။

 

မနက်ဖြန်ဇန်နဝါရီလ၉ရက်နေ့အထိခန့်မှန်းချက် အနေဖြင့် ဟားခါး(-၂ဒီဂရီ)၊ကျိုင်းတုံ၊တောင်ကြီး၊မြစ်ကြီးနား၊လားရှိုးတို့မှာ(၁၀)ဒီဂရီစင်တီဂရိတ် အောက်၌ရှိပြီး အအေးပိုမည်ဖြစ်ကြောင်း သိရသည်။

 

လွန်ခဲ့သော(၂၄)နာရီအတွင်းညအပူချိန်များမှာ ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ ကရင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၄)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

 

#Local_News #ရေခဲအမှတ်သုညဒီဂရီအောက်ရောက် #အရင်နှစ်များထက်ပိုအေးနေ #tthl #Yangon_Times