#Local_News
Published-7 January 2024

မြဝတီနယ်စပ်မှ တင်ပို့ခြင်းနှင့်တင်သွင်းခြင်းပြုလုပ်မည့် ကုန်သွယ်ရေးလုပ်ငန်းအားလုံးကို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ယနေ့ကြေညာချက်အရသိရသည်။

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေး စခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် မတိုင်မီ မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ကုန်ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ကွန်တိန်နာဖြင့် သယ်ဆောင်ရသည့် စက်မှုကုန်ကြမ်းပစ္စည်းများကို ကိစ္စရပ်တစ်ခုချင်း အပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

 

#Local_News #စခန်းပြောင်းလဲတင်ပို့ခွင့်ပြု #YMG/NN #Yangon_Times