Published_ 03 January 2024

ကရင်ပြည်နယ် ထို့ကော်ကိုး-မြ၀တီ လမ်းကို ကုန်စည်ပို့ဆောင်ပေးနေသည့် ကုန်တင်ကားများအနက် ၁၀ ဘီး/ ၁၂ ဘီးနှင့်တွဲကားများကို လမ်းပိုင်းအခြေအနေအရ ဇန်နဝါရီ ၁ ရက်မှစတင်၍ ဖြတ်သန်းသွားလာခွင့် မပေးတော့ကြောင်း မြ၀တီသို့ ယာဉ်လိုင်းပြေးဆွဲနေသူများထံက သိရသည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် လက်ရှိအချိန်၌ ခရီးသွားများမှာ ထို့ကော်ကိုး-မြဝတီလမ်းပိုင်းကိုသာ အသုံးပြုသွားလာရလျက်ရှိသည်။

ထိုသို့ အသုံးပြုသွားလာရာ၌ ကုန်စည်ပို့ဆောင်ပေးနေသည့် ကုန်တင်ကားများအနက် ၁၀ ဘီး/ ၁၂ ဘီးနှင့်တွဲကားများကို လမ်းပိုင်းအခြေအနေအရ ယမန်နေ့ ဇန်နဝါရီ ၁ ရက်မှစတင်၍ ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ထို့ကော်ကိုး-ကျော်ခိုလမ်းအား ၁၀ဘီး၊၁၂ဘီးနှင့် တွဲယာဉ်များ ဖြတ်သန်းသွားလာခွင့် မပြုရခြင်းမှာ တည်ဆောက်ဆဲ ဖြစ်သည့် လမ်းတံတားတို့တွင် ကားကြီးများ ဖြတ်သန်းသွားလာရန် ခံနိုင်ဝန် အားနည်းနေသဖြင့် ဖြတ်သန်း သွားလာသူများ အန္တရာယ် မဖြစ်စေရန်အတွက် သွားလာခွင့် မပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁ရက်က မြ၀တီ-ကော့ကရိတ် အာရှ လမ်းပေါ် တိုက်ပွဲ များ ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်းတွင် မြ၀တီသို့ သွားရာ တွင် အာရှ လမ်းကို အသုံးပြုမရတော့ဘဲ ထို့ကော်ကိုး လမ်းကိုသာ အဓိက သွားလာ ပြီး ကုန်စည် ကူးသန်းနေရ ကြောင်း သိရသည်။

ထို့ပြင် ထို့ကော်ကိုး-မြဝတီလမ်းပိုင်း​ဖြတ်သန်းသွားလာခွင့်ပြုထားသည့် မော်တော်ယာဉ်များ၏ ယာဉ်ဖြတ်သန်းခကိုလည်း ဇန်နဝါရီ ၁ ရက်မှစတင်ကာ တိုးမြှင့်ကောက်ခံလျက် ရှိ‌ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group