Published 29 December 2023

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးလေးရှိ သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ) ကျောင်းပိုင်ကားအား အွန်လိုင်းတင်ရောင်းချခဲ့ရာ လာရောက်ဝယ်သူက စမ်းသပ်မောင်းနှင်စဉ် ကားလုယူထွက်ပြေးသွားကြောင်း သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ)ကျောင်းမှ သိရသည်။

သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ) ကျောင်း ပြုပြင်ရန်လိုအပ်သည့်အတွက် ဒီဇင်ဘာ ၂၈ ရက် (ယမန်နေ့)တွင် ကျောင်းပိုင် MISUBISHI EXTRA CUP ကားအမျိုးအစားအား ကျပ်သိန်း ၁၃၀ ဖြင့် ရောင်းချရန် အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် ရောင်းချရန်တင်ထားခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကားဝယ်ယူလိုကြောင်း ဆက်သွယ်လာကာ ဒီဇင်ဘာ ၂၉ ရက် (ယနေ့) နံနက် ၁၀ နာရီခန့်တွင် ကားစမ်းသပ်မောင်းနှင်စဉ် ယခုကဲ့သို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

' သူကပိုက်ဆံပါတယ်ဆိုတဲ့ အိတ်လေးတစ်လုံးပေးထားခဲ့တယ်။ သိမ်းပေးထားပါ ခဏလေးမောင်းကြည့်ဦးမယ်ဆိုပြီးဒါယကာတစ်ယောက်ထည့်ပေးလိုက်တာ။ ဒညင်းကုန်ဈေးကျော်၊ မီးပွိုင့်ကျော် တပ်မတော်‌‌ဂေါက်ကွင်းထဲဝင်ပြီးတော့ အဲဒီဒါယကာကို ထားခဲ့ပြီး သူငယ်ချင်းဆီ ပိုက်ဆံသွားယူမယ်ဆိုပြီး ထွက်သွားတာ ပြန်မလာတော့တာပါပဲ။ အိတ်ထဲဖွင့်ကြည့်တော့လည်း မုန့်တွေပဲ ပါတယ်'ဟု သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ)ကျောင်းမှ ဆရာတော်ကမိန့်ကြားသည်။

လက်တလောတွင် သက်ဆိုင်ရာ ရိုးလေး နယ်မြေဥက္ကဋ္ဌမှတစ်ဆင့် ထန်းတပင်မြို့နယ်ရဲစခန်းသို့ တိုင်ကြားကာ အမှုဖွင့်လှစ်ထားပြီး မြို့ဝင်မြို့ထွက်ဂိတ်များကိုလည်း အကြောင်းကြားခြင်းနှင့် လိုက်လံရှာဖြွေခင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group