#Local_News
Published 28 December 2023


မြန်မာနိုင်ငံ၏လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် လာအိုနိုင်ငံနှင့်ပူးပေါင်းပြီး မြန်မာ-လာအို နယ်စပ် ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ရန်ရှိသလို မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ် စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

 

ယင်းကဲ့သို့စီမံကိန်းများဆောင်ရွက်ရန်ရှိခြင်းကို လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့တွင် ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေး၌နှစ်နိုင်ငံဝန်ကြီးများ၏ထည့် သွင်းပြောကြားချက်အရ သိရခြင်းဖြစ်သည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ‘‘မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄,၅၄၂ မဂ္ဂါဝပ်လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ် အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ ဝန်ကြီးဌာန၏ အဓိကအရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်း နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကြောင့် စီမံကိန်းအား လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးကို အထူး အလေးထားကြောင်း၊

 

မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင် ရွက်လိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း၏ FSR ပြီးစီးမှုနှင့် FSR အပေါ် စိစစ် သုံးသပ်ချက် များအရ နည်းပညာနှင့် စီးပွားရေးတွက်ချေကိုက်မှုရှိသည့် အပေါ်မူတည်၍ စီမံကိန်းအကောင် အထည်ဖော်နိုင်ရေး ကို နှစ်နိုင်ငံအစိုးရများထံ တင်ပြလမ်းညွှန်မှု ခံယူနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ ကုမ္ပဏီများက FSR မြန်ဆန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လာအိုနိုင်ငံအစိုးရ၏ ခိုင်မာသော ထောက်ခံ အားပေးမှုများကို အပြည့်အဝအသိအမှတ်ပြုကြောင်း၊

 

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်သည်များအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း’’ ပြောကြားခဲ့သည်။

 

ထို့နောက် လာအိုနိုင်ငံစွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံကလည်း’ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံ ကိန်းများ ဖြစ်မြောက် နိုင်စွမ်း လေ့လာမှုတို့ကို တွန်းအားပေးဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံအကြား Power Supply Framework Agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ဓာတ်အား စနစ်ချိတ်ဆက်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် ရယူမည့် ဓာတ်အားပမာဏများကို လေ့လာသုံးသပ်မည့် အကြံပေးပညာရှင်အဖွဲ့နှင့်ဆောင်ရွက်ရန်နှင့် မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို လာအိုကုမ္ပဏီနှင့်မြန်မာ ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့အပေါ်နှစ်နိုင်ငံဝန်ကြီးဌာနများမှ လိုအပ်သော အကူအညီများပေးအပ် သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့များသည် ဒီဇင်ဘာ ၂၆ ရက်တွင် မဲခေါင်မြစ်ပေါ်တွင် ၁၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် Navigation Lock ပါ ထည့်သွင်းတည်ဆောက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုလေ့လာကြပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် တည်ဆောက်နေမှု အခြေအနေများအားကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။

 

#Local_News #မြန်မာ-လာအိုဓာတ်အားလိုင်း #စီမံကိန်းအကောင်အထည်ဖော် #tthl #Yangon_Times