#Local_News
Published 9 December 2023


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန်အတွက် ဂျပန်နိုင်ငံသို့သွားရောက်ရန် ဆန္ဒ ရှိသူများနှင့် ပက်သက်သည့်ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေရာတွင် လာရောက်လျှောက်ထားသူများထဲမှ အချို့မှာ မသမာသည့် နည်းလမ်းဖြင့် ဗီဇာလျှောက်ထားမှုများရှိနေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှထုတ်ပြန်ထားသည်။

 

ယခုတလောတွင် မိမိ၏ကိုယ်ရေးအချက်အလက်များကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ပြောင်းလဲကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည် နေထိုင်ခွင့် ကတ်ပြား(Certificate Of Eligibility) ကိုကိုင်ဆိုင်ပြီး သံရုံးတွင် ဗီဇာလျှောက်ထားသည့်များကို တွေ့ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ထိုသို့အချက်အလက်အတုများ ဖြင့် လျှောက်ထားလာပါက ဗီဇာထုတ်ပေးမည် မဟုတ်ကြောင်းနှင့် ကျင့်ဝတ်သိက္ခာမဲ့သည့် ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများလည်း ရှိ​နေသည့်အတွက် အချက်အလက်အစစ်အမှန် မပါရှိသောစာရွက်စာတမ်းပြင်ဆင်ထားသည်များကို ဗီဇာထုတ်ပေးမည်မဟုတ်သည့်အတွက် အဆိုပါ သင်တန်းကျောင်းများနှင့်ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် အထူးသတိပြုကြရန် ထုတ်ပြန်ချက်တွက် တိုက်တွန်းထားသည်။

 

ထို့ကြောင့် အမှန်တကယ်ယုံကြည်ရသည့် ဂျပန်စာသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ကျောင်းအပ်ခြင်းဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ကျရန်လည်း သတိပေးထားသည်။

 

COEလျှောက်ထားရာတွင်လည်း မိမိကိုယ်တိုင်ပြင်ဆင်ပြီး စစ်ဆေးအတည်ပြုရန်နှင့် ထုတ်ယူထားသည့် COE သည်လည်း ကိုယ်ပိုင်နာမည် အချက်အလက်များ ဟုတ်မဟုတ်ကို စစ်ဆေးအတည်ပြုရရန်၊ အကယ်၍ COE ငြင်းဆိုခံရပါက နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားရာမှာ မိမိကိုယ်ရေး အချက်အလက်များကို ပြောင်းလဲပြင်ဆင်လျှောက်ထားတာမျိုးလုံးဝမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

#Local_News #ဗီဇာလျှောက်ထားခြင်း #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး #YMG/LW #Yangon_Times