#Local_News
Published 02 December 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အနီးဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့သလို  ချင်းပြည်နယ်ဟားခါးအနီး ဘင်္ဂလားဒေ့ရှ်၌လည်း ဗဟိုပြုပြီး ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှ သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၆) မိနစ်၊ (၄၅) စက္ကန့်အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကွတ်ခိုင်မြို့၏ မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖော်ပြထားသည်။

 

ဒီဇင်ဘာလ (၂) ရက်နေ့ မနက် (၁၀)နာရီ၊ (၀၅)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၁၇၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Bangladesh)၊ မြောက်လတ္တီတွဒ် (၂၃.၂၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၀.၉၂)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း လည်းဖော်ပြထားသည်။

 

၂၀၂၃ခုနှစ်အတွင်း ‌ ပြတ်ရွေ့ကြောများရှိသော ရန်ကုန်၊ပဲခူး၊မန္တလေးစသည့်ဒေသများအပြင် ပြတ်ရွေ့ကြောငယ်များရှိသည့် ဒေသအနှံ့ ငလျင်ကြီး ငယ်များလှုပ်ခတ်မှုများခဲ့ပြီး တစ်ကျော့ပြန် ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန် မြေငလျင်ဌာနခွဲမှသတိပေးထားကြောင်း သိရသည်။

 

#Local_News #ကွတ်ခိုင်အနီး(၄.၈)အဆင့်ငလျင်လှုပ် #tthl #Yangon _Times