Published 29 November 2023

  မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

   အဆိုပါ ခရီးသွားမြှင့်တင်ရေး ကို အထောက်အကူပြုနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA)မှ စီစဉ်ဆောင်ရွက်သည့် မြန်မာ-ထိုင်း(၂)နိုင်ငံ ခရီးသွားလုပ်ငန်းဆောင်ရွက်သူ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန် မြို့ Chatrium Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။

   မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ TTAA မှ အဖွဲ့ဝင်(၃၁)ဦးပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် FAM Trip အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှ (၂၈) ရက်နေ့အထိ ရန်ကုန်နှင့်ပဲခူးမြို့တို့ရှိ အထင်ကရခရီးစဉ်နေရာများနှင့် ကျိုက်ထီးရိုးဘုရားတို့သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် များ လာရောက်လိုသည့်ခရီးစဉ်များကို တိုးမြှင့်စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံခရီးသွား လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဝန်ဆောင်မှုများ ပိုမို ကောင်းမွန်စွာပေးအပ်နိုင်ရေးကိစ္စများ၊ ထိုင်းခရီးသွားများ စိတ်ဝင်စားသည့်ခရီးစဉ်များ မြှင့်တင် ရောင်းချခြင်းများအပါအဝင် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အဆိုပါ FAM Trip နှင့် Business Matching တို့တွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group