#Local_News
Published-25-November-2023


ဒူဘိုင်းသို့ အလုပ်လုပ်ရန် သွားရောက်ရာမှ အီရတ်သို့ အရောင်းစားခံရသည်ဆိုကာ မြန်မာအမျိုးသမီး ၆ယောက်မှာ ဒုက္ခရောက်နေသဖြင့် သက်ဆိုင်ရာမှ အကူညီပေးရန်အတွက် လူမှု
ကွန်ယက်ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် အကူညီတောင်းခံကြောင်း သိရသည်။

 

နိုဝင်ဘာ ၂၄ ရက် နေ့တွင် Yee Yee Cho နာမည်ဖြင့် ဖေ့ဘုတ်အကောင့်မှ တစ်ဆင့် Live ပြီးမြန်မာနိုင်ငံအမျိုးသမီး ၆ ယောက်မှာ ဒူဘိုင်းသို့အိမ်အကူဖြင့် အလုပ်လုပ်ရန်အတွက် ပွဲစား
မှတဆင့်လာရောက်ပြီး ဒူဘိုင်းတွင် ၃ပတ်ခန့်နေထိုင်ခဲ့ရပြီးနောက် အလုပ်မရရှိဘဲ အီရတ်ကိုထပ်မံ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

 

''ကျွန်မတို့ကို ဒူဘိုင်းမှာ အိမ်အကူအလုပ်လုပ်ရမယ်။ လစာကောင်းတယ်ဆိုလို့ လာခဲ့တာ။ ဒူဘိုင်းရောက်တော့ အလုပ်လဲမလုပ်ရဘူး ထပ်ပြီးတော့ အီရတ်ကိုပို့တယ်၊ ဒီမှာလဲ အိမ်အကူအလုပ်ကိုနေ့စားသဘောမျိုးလုပ်ရတယ်၊ တပတ်မှာ ၃ရက်လောက်ပဲလုပ်ရတယ်။ လုပ်ခကိုလဲအပြည့်မပေးဘူး ထမင်းဆိုလဲ တရက်မှတနပ်ပဲ ကျွေးတယ်။ ထမင်းမစားရတဲ့ ရက်တွေတောင်ရှိပါတယ်''ဟု ဖေ့ဘုတ်အကောင့်မှ တစ်ဆင့် Live လွှင့်ပြီး ပြောထားသည်ကို တွေ့ရသည်။

 

အဆိုပါ အမျိုးသမီးများသည် သူတို့ကိုပို့ဆောင်ပေးခဲ့သည့် ပွဲစားကို ဆက်သွယ်သော်လည်းအဆက်သွယ်မရကြောင်းနှင့် မည်သည့်နေရာရောက်နေသည်ကိုပင် မသိရှိကြောင်း ပြော
ထားသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း မြန်မာအမျိုးသမီးငယ်၇ ဦး ဒူဘိုင်းနိုင်ငံသို့ ရောင်းစားခံရသဖြင့် လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အကူညီတောင်းခံခဲ့မှုဖြစ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာဌာနတွေက အကူညီပေးခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #အီရတ်သို့အရောင်းစားခံရ #လူမှုကွန်ယက်မှတစ်ဆင့်ကူညီတောင်းခံ #YMG/LW #Yangon_Times