#Local_News
Published-27 Oct 2023

နေပြည်တော်အပါအဝင်တိုင်းနှင့် ပြည်နယ် ၁၃ ခုရှိ စီးပွားရေးဖြစ်မွေးမြူရေးခြံများအား တိရစ္ဆာန်သန်းခေါင်စာရင်း ရာနှုန်းပြည့်ကောက်ယူသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။



ထိုသို့ကောက်ယူရာတွင် လာမည့် နိုဝင်ဘာ (၁) ရက်မှ စတင်၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် (၁၃) ခု၊ မြို့နယ်ပေါင်း၂၁၅ မြို့နယ် အတွင်းရှိ အိမ်ထောင်စုအလိုက် မွေးမြူထားသော အိမ်မွေး တိရစ္ဆာန်များနှင့် စီးပွားဖြစ်မွေးမြူထားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲစသည့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အိမ်ထောင်စုအလိုက်မွေးမြူထားသည့် တိရိစ္ဆာန်သန်းခေါင်စာရင်းကိုမူ ကျေးရွာအုပ်စု၊ ရပ်ကွက်များ၏ ၂၀ ရာခိုင်နှုန်းကို ကောက်ယူမည်ဖြစ်ကာ စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကိုမူ ရာခိုင်နှုန်းအပြည့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ကောင်ရေ စာရင်းကို ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ကောက်ယူခဲ့ပြီး ယခုအခါ ငါးနှစ်ပြည့်သွားပြီဖြစ်သောကြောင့် ဒုတိယအကြိမ်ထပ်မံ ကောက်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

 

ယခုထပ်မံကောက်ယူရန် ပြင်ဆင်နေသည့် ဒုတိယအကြိမ်မြောက် သန်းခေါင်စာရင်းကောက်ယူမှုအား တိုက်ပွဲများဖြစ်ပွားနေသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို ချန်လှပ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ယခင်က မြန်မာနိုင်ငံတွင် တိရစ္ဆာန် သန်းခေါင်စာရင်းကို ၁၉၈၃ – ၈၄ ဘဏ္ဍာနှစ် မတိုင်မီအထိ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ကောက်ယူခဲ့ပြီး ၁၉၈၃ – ၈၄ ဘဏ္ဍာနှစ်မှ ၁၉၉၃ – ၉၄ ဘဏ္ဍာနှစ် အထိ စာရင်းကိုမူ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တို့က ကောက်ယူခဲ့ကြောင်း၊ ၁၉၉၃ – ၉၄ ဘဏ္ဍာနှစ်တွင် မြို့နယ်၊ ကျေးရွာအုပ်စု ကျေးရွာအလိုက် တစ်အိမ်ချင်း ကောက်ယူသည့် စနစ်ဖြင့် ကောက်ယူခဲ့ပြီး ဗဟို စာရင်းကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

#Local_News #နေပြည်တော် #မွေးမြူရေးခြံ #YMG/NN #Yangon_Times