#Local_News
Published _10 Oct 2023


ကိုဗစ်_၁၉ရောဂါကြောင့်သုံးနှစ်ကြာရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

 

အဆိုပါ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်အား (သီတင်းကျွတ် လဆန်း (၁)ရက် မှ လဆုတ် (၃)ရက်နေ့ထိ )အောက်တိုဘာ ၁၅ရက်မှ နိုဝင်ဘာ ၁ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

"သုံးနှစ်ကြာရပ်နားထားပြီးမှ အခုနှစ်ပြန်လည်ကျင်းပမှာပါ။ ရှမ်းပြည်နယ်ရဲ့အထင်ကရပွဲတော်ဖြစ်တဲ့ အပြင် ဒီပွဲတော်ကိုမှီခိုတဲ့လုပ်ကိုင်စား‌သောက်တဲ့ ဒေသခံတွေ နဲ့စီးပွားရေးလုပ်ငန်းတွေ အကုန်အဆင်ပြေအောင်လိုပေါ့နော်။ နောက်ကမ္ဘာကျော်တဲ့ပွဲတော်ဖြစ်တဲ့အတွက်လည်း လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်" ဟုရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရုကို ပြောသည်။

 

လတ်တလောမှာအင်းလေးကန်ရေ မြင့်တက်နေပြီး နှစ်စဉ်ဖောင်တော်ဦးဘုရားများဒေသစာရီလှည့်လည်ချိန်၌ ယခုကဲ့သိုပုံမှန် ရေတက်လေ့ရှိကြောင်းရှမ်းပြည်နယ်တောင်ပိုင်းရိုးရာ မီးပုံပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

"ဒေသစာရီကြွချီဆိုရင်တော်သလင်းလောက်မှာအမြဲတမ်းမိုးကြီးပြီးရေတက်နေကျပါ။ မူလစံကျောင်းကိုကြွတဆိုတော့ရေကိုဆန်တက်သွားရမှာလေ။ ဒီအချိန်အမြဲတမ်းရေတက်နေကြပါ" ဟု ၎င်းကဆက်ပြောသည်။

 

ထို့အပြင် ဖောင်တော်ဦးဘုရားပွဲတော်အတွက် ဓာတ်ပုံပြိုင်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

ဖောင်တော်ဦးဘုရားပွဲတော်၏ဓာတ်ပုံပြိုင်ပွဲ၌မည်သူမဆို  ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ပထမဆုအဖြစ် ကျပ်သိန်း ၅၀ ၊ ဒုတိယဆုအဖြစ်ကျပ် သိန်း ၄၀ နှင့် တတိယဆုအဖြစ် ကျပ် သိန်း၃၀ကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။


     
မြန်မာနိုင်ငံတွင်သာမြင်တွေ့နိုင်သည့် ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲအားလည်း ခရီးသွားဧည့်သည်များအနေဖြင့် အားပေးကြည့်ရှုနိုင်မည်ဖြစ်ပြီး ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲမှာ ပွဲတော်၏ အဓိကဆွဲဆောင်မှုဖြစ်သည့်အပြင်အဆိုအကများဖြင့် ပူဇော်ပသခြင်းများလည်းပါဝင်ကြောင်း သိရသည်။

 

အင်းလေးဖောင်တော်ဦးဘုရားတွင် ရွှေသင်္ကန်းများကပ်လှူထားသောကြောင့် ဘုရားဆင်းတုတော်များမှာ မူလပုံစံ ပျောက်ကွယ်နေပြီး  ဘုရားဖူးများမှာ ဘုရားရှိခိုးကန်တော့၍  လှူဘွယ်များအား ကပ်လှူကြပြီး ရဟန်းသံဃာများအားလည်း လှူဘွယ်ပစ္စည်းများဖြင့် ကပ်လှူပူဇော်ကြကြောင်း သိရသည်။

 

အဆိုပါပွဲတော်သည်  အင်းလေးတွင် ကျင်းပသော အကြီးကျယ်ဆုံး ဘုရားပွဲတော်ဖြစ်ပြီး  ပွဲတော်သို့ ဘုရားဖူးလာရောက်ကြသည့် ခရီးသွားဧည့်သည်များ များပြားလှ‌ကြောင်း  သိရသည်။

 

#Local_News #သုံးနှစ်ကြာရပ်နား #အင်းလေးဖောင်တော်ဦး
#NN #Yangon_Times