Published_ 19 September 2023

ဂျပန်နိုင်ငံတွင် ကျင်းပသည့် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံနှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်)နှင့်မြန်မာသံအမတ်ကြီးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ Kato City ရှိ Nenbutsushu Sampozan Muryojuji Temple မှ ကြီးမှူး၍ (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The Eight Buddhist Summit) နှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် (Nalanda Mahavihara) ဖွင့်ပွဲအခမ်းအနား တို့အား စက်တင်ဘာ၁၃ရက်မှ၁၅ရက် အထိ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး ဦးစိုးဟန် သည် စက်တင်ဘာ၁၃ရက်၊ နံနက်ပိုင်းတွင် Nenbutsushu Sampozan Muryojuji Temple ၌ ကျင်းပသည့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် Nalanda Mahavihara ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သံအမတ်ကြီးသည် နိုင်ငံပေါင်း (၁၄)နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးကိုယ်စားလှယ်များ၊ Nenbutsushu Sampozan Muryojuji Temple မှ ဆရာတော်ကြီးများနှင့်အတူ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသမီး မဟာချက်ကရီသီရိဒုံ မှ အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

သံအမတ်ကြီး ဦးစိုးဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၄-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် The Royal Grand Hall of Buddhism တွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The Eight Buddhist Summit) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ဆရာတော်ကြီးများ၊ ဗုဒ္ဓဘာသာအဖွဲ့ဝင်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့သည်။

ဗုဒ္ဓထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group