#Local_News
Published_ 15 September 2023


အင်းလျားကန်နှင့် ကန်တော်ကြီးကန်အတွင်း ရေများပြည့်နေပြီး သတ်မှတ်ရေချိန်အမှတ်ထက်ကျော်လွန်နေသည့် ရေများကိုရေပိုလွှဲမှ ထုတ်ယူစီးဆင်းလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

 

ယင်းကဲ့သို့ သတ်မှတ်ရေချိန်ကျော်လွန်နေသဖြင့် ရေပိုလွှဲ၊ရေထိန်းတံခါးမှ ရေများထုတ်ယူနေသည့်အခြေအနေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်)၊ဦးဗိုလ်ဌေးနှင့်အဖွဲ့ဝင်များ လိုက်လံကြည့်ရူ စစ်ဆေးခဲ့သည်ဟုဆိုသည်။

 

အင်းလျားကန်သည် သတ်မှတ်ရေချိန်အမှတ်၄၈ပေကျော်လွန်နေသည့်ရေများကို ရေပိုလွှဲSpill Wayမှတစ်ဆင့် အင်းလျားကန်ရေထုတ်မြောင်း၊ကမ္ဘာအေးဘုရားလမ်းမြောင်း၊ ရန်ကင်းဆည်မြောင်းချောင်း၊ တောင်ဥက္ကလာ ရေပေါက်ကြည်ချောင်းများသို့ဖြတ်သန်းစီးဆင်းစေပြီး ထိုမှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်ကြောင်း သိရသည်။

 

ကန်တော်ကြီးကန်သည်လည်း သတ်မှတ်ရေချိန်အမှတ်၃၈ပေ ကျော်လွန်နေသည့်ရေများကို ရေထိန်းတံခါးမှ ထုတ်ယူနေမှုကို ကြည့်ရူစစ်ဆေးခဲ့ပြီး မိုးရွာနေသည့်အချိန်ထိစပ်ရပ်ကွက်များအတွင်းရေကြီးရေလျှံမဖြစ်စေရန် ရေထိန်းတံခါးအားပိတ်ထားပြီး မိုးတိတ်မှ သတ်မှတ်ရေချိန်အမှတ် ကျော်လွန်နေသည့်ရေများအား ထုတ်လွှတ်သွားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်)မှမှာကြားခဲ့သည်။

 

အဆိုပါရေထိန်းတံခါးမှရေများသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရေနုတ်မြောင်းမှတစ်ဆင့် ပုဇွန်တောင်ချောင်း အတွင်းသို့စီးဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

#tthl #Local_News #အင်းလျားကန် #ကန်တော်ကြီးကန်
#Yangon_Times