#Local_News
Published -28 August 2023


ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ ရာထူးတာဝန်အား ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးတာဝန်ပေးအပ်ကြောင်းနှင့် ယူနိုက်တက်အမရာဘဏ် UAB ကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Social Media ပေါ်တွင် ပျံ့နှံ့နေသော သတင်းမှာသတင်းအမှားသာ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်လိုက်သည်။

 

ယနေ့ဩဂုတ် ၂၇ ရက်တွင် မြဝတီရုပ်သံမှထုတ်လွှင့်သွားသည့် သတင်းအစီအစဉ်တစ်ခုတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးဆိုင်ရာ အစည်းအဝေးတွင် နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဗိုလ်ချုပ်ကြီးမိုးအောင်သည်လည်း အခြားတပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်အတူ တက်ရောက်လာသည်ကို ထုတ်လွှင့်သွားခဲ့သည်။

 

ယင်းအပြင် ဗိုလ်ချုပ်ကြီးမိုးအောင်အနေဖြင့် uab bank ၏ရှယ်ယာရှင်တစ်ဦးလည်းမဟုတ်သလို ပိုင်ရှင်လည်းမဟုတ်ကြောင်း၊ uab bank ကို ဒေါ်လာကိစ္စရပ်များကြောင့် စစ်ဆေးမှုများရှိနေသည်ဆိုသည်မှာလည်း လုံးဝ(လုံးဝ)မှန်ကန်မှုမရှိကြေင်း uab bank က သြဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

 

uab bank သည် တင်းကြပ်သော Corporate Governance စံနှုန်းများဖြင့်အညီ ပွင့်လင်းမြင်သာသောအုပ်ချုပ်ရေးပိုင်းစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့ပြီး ချမှတ်ထားသည့် စံနှုန်းများကို ချိုးဖောက်မှုမရှိလိုက်နာကျင့်သုံးလာခဲ့ကာ လွတ်လပ်သော အုပ်ချုပ်မှုအောက်တွင် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

 

ထို့အပြင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာ ဆောင်ရွက်လျက်ရှိ သည့် ဘဏ်တစ်ခုဖြစ်ကြောင်း၊ ဒေါ်လာအရောင်းအဝယ်ကိစ္စရပ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသော online trading system မှတစ်ဆင့် သတ်မှတ်ထားသည့်နှုန်းအတိုင်းသာ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

 

မဟုတ်မမှန်မှားယွင်းသည့်သတင်းများဖြင့် ထုတ်ဝေဖြန့်ချီမှုကို uab ဘဏ်ဘက်ကလည်း တရားဥပဒေ အတိုင်းအရေးယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း uab bank က ဆိုသည်။

 

Yangon_Times/PP #Local_News
#ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်