Published_ 26 August 2023

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သော တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာ ချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၄၀) ကြိမ်မြောက် အာဆီယံ-တရုတ် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် သည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် Mr. Tan Qingsheng နှင့် အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြပါတယ်။

ထို့နောက် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု တိုးတက်စေရေးအတွက် လက်တွေ့ ကျတဲ့ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထပ်မံ အတည်ပြုခဲ့ ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေး ဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက်အောက်ရှိ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက် မှုများကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသား တတိယအကြိမ် ဆွေးနွေးမှုအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြပြီး၊ စာသားညှိနှိုင်းမှုတွင် အရေးကြီးသည့် milestone issues (၄)ခု အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပူးတွဲသဘာပတိများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ပူးတွဲအဆိုပြုသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသားပါ အရေးကြီးတဲ့ ကိစ္စရပ်များ ဆွေးနွေးမှုဆိုင်ရာ စာတမ်းကို အနာဂတ်တွင် လုပ်ငန်းအဖွဲ့မှ ဆက်လက်ဆွေးနွေးရာတွင် ကိုးကားဆွေးနွေးရန် လမ်းညွှန်စာတမ်းအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Yangon_Times/mnn
#local_news
#Yangon_Media_Group