Published_ 24 July 2023

ငွေစက္ကူအသစ် နှစ်သောင်းကျပ်တန်ထုတ်ဝေမည်ကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းများနှင့် နိုင်ငံခြာငွေလဲလှယ်နှုန်းမြင့်တက်ရန် ကြိုးစားနေသူများကို ဖော်ထုတ်ပြီး အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်က သတိပေးပြောကြားလိုက်ပါတယ်။

ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ်နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်ရန် လုံးဝအခြေအနေ မရှိဘူးလို့ ဗဟိုဘဏ်က ပြောပါတယ်။

အဲဒါကြောင့် ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူတွေဟာ ပြည်သူအများ၏ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ထိုသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိနေတယ်လို့ ဗဟိုဘဏ်က သတိပေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation – CIC) အတွင်းသို့ထည့်သွင်းခြင်းမဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာငွေစက္ကူ အဟောင်းကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးသည့်အခါတွင် အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ်ကဆက်လက်ပြောကြားပါတယ်။

အဆိုပါသတိပေးပြောကြားမှုနှင့်အတူ ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေကြေး ဈေးကွက်မှ အရောင်းအဝယ်လုပ်သူအချို့ကို ခေါ်ယူမေးမြန်းမှုအချို့ရှိနေတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။
-ymg/knl
#Local_News
#YMG #Yangon_Times