#Local_News
Published_ 20 May 2023

မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် မြန်မာ့ယွန်းထည်နှင့် အနုပညာ ပစ္စည်းပေါင်း (၁၀၀) ကျော်ကို မော်စကိုမြို့တွင် မေလ၁၈ရက် မှ ဇူလိုင်လ ၂ရက်အထိ ခင်းကျင်းပြသနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ State Museum of Oriental Art နှင့် မြန်မာသံရုံး၊ မော်စကိုမြို့တို့ ကပူးပေါင်းစီစဥ်သည့်“The Light of the Golden Moon, Painted Art of Myanmar” မြန်မာပန်းယွန်းအနုပညာပြခန်း ဖွင့်ပွဲအခမ်းအနားကို မေလ (၁၈) ရက် ဒေသစံတော်ချိန် ညနေ (၅) နာရီတွင် မော်စကိုမြို့ရှိ State Museum of Oriental Art ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးမှ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ပြခန်းတွင် မြန်မာ့ယွန်းထည်နှင့် အနုပညာပစ္စည်းပေါင်း (၁၀၀) ကျော်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ State Museum of Oriental Art ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexander V. Sedov မှ အဖွင့်မိန့်ခွန်းအား လည်းကောင်း၊ သံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန တတိယ အာရှဌာန ဒု တိယ ညွှန်ကြားရေးမှူးချုပ် Mr. Sergei G. Tolchenov ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ Mr. Dmitry Malov နှင့် ပြတိုက်၏ သုတေသနမှူးနှင့် ပြခန်းတာဝန်ခံ Mrs. Natalia Gozheva တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုများ၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ရုရှားနိုင်ငံ၌ ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသား/ကျောင်းသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။
#ymg/pl
#Local_News #မြန်မာ- ရုရှားသံတမန်ဆက်ဆံရေး #(၇၅)နှစ်မြောက်အထိမ်းအမှတ်
#ယွန်းထည်နှင့်အနုပညာ #မော်စကိုတွင်ခင်းကျင်းပြသ
#YMG #Yangon_Media_Group