#Local_News
Published_4 November 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သံလျင်မြို့နယ်သီလဝါဆိပ်ကမ်းရှိ Terminal များသို့ စက်သုံးတင်သင်္ဘောများ ဆက်တိုက်ရောက်ရှိမည် ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီတာဝန်ရှိသူကပြောသည်။

 

"စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ စက်သုံးဆီအမျိုးအစားအလိုက် ပြည်တွင်းသုံးလိုအပ်ချက်နဲ့အညီ စိစစ်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။ သီလဝါ Terminal မှာ တန်ချိန် ၁၈၂၀၀ ပါတဲ့ MT Yu Dong သင်္ဘောဟာ ဆီချပြီးတော့ နိုဝင်ဘာလ ၃ ရက်က ပြန်လည်ထွက်ခွာသွားပါပြီ။ လက်ရှိမှာ ဆီချနေတဲ့သင်္ဘောက တန်ချိန်တစ်သောင်းပါတဲ့ MT Intan Premier သင်္ဘောနဲ့ တန်ချိန် နှစ်သောင်းနှစ်ထောင်ပါတဲ့ MT Lucia Solis နှစ်စီးက ဆီချနေပါတယ်။ လက်ရှိ ဆီချနေတဲ့သင်္ဘောတွေက မနေ့က ရောက်တာပါ။ နောက်ထပ်လည်း ဆက်တိုက်ရောက်ဖို့ ရှိနေပါတယ်"ဟု အဆိုပါကော်မတီ တာဝန်ရှိသူက ပြောသည်။

 

ရောက်ရှိသော စက်သုံးဆီအမျိုးအစားများမှာ ဓာတ်ဆီ 92 Ron၊ ဓာတ်ဆီ 95 Ron ၊ ရိုးရိုးဒီဇယ် ၊ပရီမီယံဒီဇယ်ဆီတို့ဖြစ်ကြကြောင်း ကော်မတီ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

သီလဝါဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း၊ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓါတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ဒီဇယ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်းသိရသည်။

 

#Ymg/STH
#Yangon_Media_Group