#Myanmar_News
Published 30 Oct 2022

 

မြန်မာနိုင်ငံ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် သဘာဝကြိုးဝိုင်းတစ်ခုနှင့် အမျိုးသားဥယျဉ်နှစ်ခုတို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။

 

မကြာသေးမီက ထုတ်ပြန်ပေးခဲ့တဲ့ နိုင်ငံတော်ပြန်တမ်းမှာ အဆိုပါ သတ်မှတ်မှုတွေနှင့်ပတ်သက်တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက အမိန့်ကြော်ငြာစာတွေကို ထည့်သွင်းဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

 

သဘာဝကြိုးဝိုင်းမှာ ပန်းသီးတောင်သဘာဝကြိုးဝိုင်း အပိုင်း(၁) ဖြစ်ပြီး ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲနှင့် ရွာသစ်မြို့နယ်အတွင်းမှာရှိပါတယ်။ ကြားခံနယ်မြေဧရိယာ (၁၆,၆၁၅) ဧက၊ အမာခံထိန်းသိမ်းရေးနယ်မြေဧရိယာ (၁၈,၃၇၀_ ဧက စုစုပေါင်း ဧရိယာအကျယ်အဝန်း (၃၄,၉၈၅ )ဧက ရှိတယ်လို့ အမိန့်ကြော်ငြာစာမှာ သတ်မှတ်ပေးထားပါတယ်။

 

အမျိုးသားဥယျဉ်နှစ်ခုမှာ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ထန်တလန်မြို့နယ်အတွင်းက စာမွှန်းတောင် အမျိုးသားဥယျဉ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင် အမျိုးသားဥယျဉ်တို့ဖြစ်ကြပါတယ်။

 

စာမွန်းတောင်အမျိုးသား ဥယျဉ်ဟာ ဧရိယာအကျယ်အဝန်း (၂၈,၂၈၇)ဧကရှိပြီး ဇလုံတောင် အမျိုးသား ဥယျဉ်မှာ ဧရိယာအကျယ်အဝန်း(၆၀,၀၄၆.၇၁)ဧကရှိကြောင်းလည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။

 

အဆိုပါ အမိန့်ကြေငြာစာတွေမှာပါတဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ စည်းကမ်းချက်တစ်ခုခုကို လိုက်နာရန်ပျက်ကွက်ခြင်းတွေရှိရင် ဇီဝမျိုစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်ကြေညာစာ(၃)ခုမှာ သတိပေးထားပါတယ်။

 

-ymg/knl
#Myanmar
#Myanmar_Environmental_Protection