#Local_News
Published _11 October 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့်ပတ်သက်၍ ယနေ့အောက်တိုဘာလ ၁၁ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ဆက်လက် စစ်ဆေးခဲ့ပြီး နောက်တစ်ပတ် အောက်တိုဘာလ ၁၇ ရက်တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးရမည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

"စာရင်းစစ်အစီရင်ခံစာတင်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးတစ်ယောက်ကို အမှု ၅ ခုလုံးအတွက် စစ်တယ်။ သက်သေတွေ ကျန်နေသေးတယ်။ ဒါပေမဲ့ တရားရုံးက ကျန်တဲ့သက်သေတွေကို ပါယ်တယ် မပါယ်ဘူး ဘာမှမပြောဘူး၊ သို့သော်လည်း လာမဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရဟတ်ယာဉ်အမှုနဲ့ ပတ်သက်လို့ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးရမယ်လို့ သတ်မှတ်လိုက်တယ်။ နှစ်ဖက်လုံးက တင်ကြမယ်ပေါ့။ မနက်ဖြန်မှာတော့ မောင်ဝိတ်နဲ့ ပတ်သက်တဲ့ ဒေါ်ခင်ကြည်အမှုကို အမိန့်ချမယ်၊ ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် နှစ်ယောက်လုံး ရောက်တယ်။အားလုံးကျန်းမာကြပါတယ်"ဟု အဆိုပါ နီးစပ်သူက ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့်ပတ်သက်၍ လိုပြသက်သေ စီမံဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းအား ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ စစ်ဆေးခဲ့သေးသည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၃ ကို ချမှတ်ခံထားရပြီး ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group