#Local_News
Published_ 27 Aug 2022

 

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆည်မြောင်းစီမံကိန်းများကို အလေးထား ရင်းနှီးမြှုပ်နှံပေးလျက်ရှိကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အခမ်းအနားတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောပြီး စားရေရိက္ခာပေါများသည့်နိုင်ငံ ဖြစ်ပေါ်လာစေရေး အတွက် အဓိကကျသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်နှင့် မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ၏ အလယ်အတိုင်း မြောက်မှတောင်သို့ စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီး ၄ စင်းတွင် မြစ်လက်တက်များစွာရှိပြီး နှစ်စဉ်ရေက ပေသန်းပေါင်း ၈၇၆ ခန့် ပင်လယ်ထဲသို့ စီးဆင်းဝင်ရောက်လျက်ရှိပါတယ်။

 

အဆိုပါမြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ ခုတို့ တည်ဆောက်ထားပြီး နှစ်စဉ်ပင်လယ်ထဲသို စီးဆင်းလျက်ရှိသည့် ရေထုထည်ပမာဏ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို အသုံးပြုလျက်ရှိတယ်လို့ ဆိုပါတယ်။

 

တစ်နိုင်ငံလုံးတွင် သီးနှံမျိုးစုံ စိုက်ဧက ၃၃ ဒသမ ၂ သန်းခန့်ရှိပြီး မိုးကောင်း ရေသောက်၊ ဆည်ရေသောက်၊ မြစ်ရေတင်စိုက်ပျိုးမြေသည် ၂၅ ဒသမ ၅၁၇ သန်းခန့်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း သိရပါတယ်။

 

အဆိုပါ စိုက်ပျိုးမြေများထဲမှ ရေသွင်းစိုက်ဧရိယာဧက ၆ ဒသမ ၇၁ သန်းရှိတဲ့အတွက် သီးနှံမျိုးစုံ စိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ ရာခိုင်နှုန်းကျော်ကို ဆည်ရေပေးဝေလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ယခုနောက်ပိုင်း ကုန်ကျစရိတ်သက်သာသည့် Poly Ethylene လို ပလတ်စတစ် အစများကို အသုံးပြုလာနိုင်ပြီဖြစ်သည့်အတွက် ရေပေးမြောင်းများကို လိုင်စင်ပြုလုပ်ပါက ဆောင်ရွက်ရန်လွယ်ကူပြီး အချိန်တိုအတွင်း ပြီးစီးနိုင်သည့်အပြင် ရေသွယ်ယူရာတွင် လေလွင့်ဆုံးရှုံးမှုမရှိသလောက် နည်းပါးသွားစေမှာ ဖြစ်ပါတယ်။

 

ရေပေးဝေသည့်မြောင်းများ၊ အဆောက်အအုံများ ရေရှည်တည်တံ့ပြီး ရေပေးဝေမှု စနစ်များ တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာတောင်သူများ စုဖွဲ့ကာဆည်ရေ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် သက်ဆိုင်ရာရေသောက် မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG) များကို ဖွဲ့စည်းခြင်း၊ အဆိုပါအဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ပိုမိုကျယ်ပြန့် အားကောင်းလာစေရန် ရေအသုံးချသူများအသင်း (Water User Association-WUA) အဖြစ်သို့ အဆင့်မြှင့်တိုးချဲ့ ဖွဲစည်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

 

ယခုစနစ်တွင် တောင်သူများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်ရသည့်အတွက် တောင်သူအချင်းချင်းကြား ရေကြောင့်ဖြစ်ပွားရသည့် ပဋိပက္ခများ ကင်းဝေးခြင်း၊ ဆည်ရေကို အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ရေအလေအလွင့်နည်းပါးပြီး ဆည်ရေစိုက်ဧရိယာ ပိုမိုတိုးချဲ့ ပေးဝေလာနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိလာစေမှာ ဖြစ်ပါတယ်။

ygm_mnn

#Yangon_Media_Group