#Local_News
Published - 27 July 2022

 

ပုဂံဒေသတွင်အမွေအနှစ်ကို မထိခိုက်စေဘဲ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများလည်ပတ်နိုင်ရန် 'ဟိုတယ်မဟာဗျူဟာ'ရေးဆွဲနိုင်ရေးဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်၊၊

 

ပုဂံဒေသအတွက်'ဟိုတယ်မဟာဗျူဟာ'ရေးဆွဲပြီး ကမ္ဘာ့အမွေ အနှစ်ကော်မတီကိုတင်ပြရမည်ဖြစ်၍ မြန်မာနိုင်ငံကဟိုတယ်ဆိုင်ရာကျွမ်းကျင်ပညာရှင် သြစတြေးလျနိုင်ငံသား Dr.Richard Mackay ကို ငှားရမ်းရေးဆွဲစေခဲ့သည်၊၊

Dr.Richard Mackayကို' ဟိုတယ်မဟာဗျူဟာ' ရေးဆွဲနေစဉ် Dr. Richard Mackay ၏ 'ဟိုတယ်မဟာဗျူဟာ'ပါ အချက်များနှင့် ကိုက်ညီမှု မရှိဖြစ်နိုင်ပါသဖြင့် 'ဟိုတယ်မဟာဗျူဟာ'ရေးဆွဲ မပြီးမီ ပုဂံတွင် ဟိုတယ်များအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ခေတ္တရပ်နားထားရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က'ဟိုတယ်မဟာဗျူဟာ'ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်၊၊

 

ဇူလိုင်လ(၂၆)ရက်တွင် ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာ ရေးဆွဲနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရေးဆွဲသတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်၊၊

 

အလုပ်ရုံဆွေးနွေးပွဲ၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင်" ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းစဉ်က ဟိုတယ်နှင့် ပတ်သက်သည့် Bagan Hotel Strategy ရေးဆွဲဆောင်ရွက်ရန်၊ ဟိုတယ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရေတိုရေရှည်ချမှတ် ဆောင်ရွက်ရန်၊ ပုဂံဒေသအတွက် ယူနက်စကိုက ပေးပို့လာသော အကြံ ပြုချက် (၁၈) ချက်ထဲတွင်လည်း ပါရှိသည့်အတွက် အကြံပြုချက်ပါ ဟိုတယ်နှင့်ပတ်သက်သည်တို့ကို ဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ ပြန်လည်ပေးပို့ရမည်ဖြစ်သဖြင့် ဟိုတယ်မဟာဗျူဟာ စီမံကိန်းအတွက် အရှေ့တောင်အာရှတွင်နှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် Toursim Master Plan ရေးဆွဲနေသည့် မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်သော ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင် ပညာရှင် ဩစတြေးလျ နိုင်ငံသား Dr.Richard Mackay ကို ငှားရမ်းရေးဆွဲစေခဲ့ပါကြောင်း၊ (၂၀၂၂)ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလတွင် Dr. Richard Mackay ထံသို့ ပြန်လည်ပေးပို့ပေးရန်နှင့် လာမည့် (၄၆) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် တင်ပြသင့်ကြောင်းကို ပညာရှင်က အကြံပြုထားသဖြင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ယခုဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် စည်းမျဉ်း/ စည်းကမ်းများကို BAGANCOM နှင့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၊ ဥက္ကဋ္ဌတိုထံတင်ပြပြီး မိမိဌာနမှ စုစည်းထားသည့် ဟိုတယ်ဆိုင်ရာ အချက်အလက်များနှင့်အတူ Dr. Richard Mackay ထံသို့ အချိန်မီ ပြန်လည်ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ ၎င်းကာလအတွင်း Dr. Richard Mackay ၏ Bagan Hotel Strategy ပါ အချက်များနှင့် ကိုက်ညီမှု မရှိဖြစ်နိုင်ပါသဖြင့် Bagan Hotel Strategy ရေးဆွဲမပြီးမီ ပုဂံတွင် ဟိုတယ်များအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ခေတ္တရပ်နားထားရန်ကိုလည်း ဆက်စပ်ဌာနများသို့ အကျိုးအကြောင်း ရေးသားပေးပိုထားပြီးဖြစ်ကြောင်း၊ Bagan Hotel Strategy (complete) အမြန်ဆုံး အပြီးသတ်ရေးဆွဲနိုင်ရန်အတွက် ဆက်စပ်ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးချက်များ လိုအပ်ပါသဖြင့် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း " ပြောကြားခဲ့ပါသည်၊၊

 

ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာ စီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဟိုတယ် တည်ဆောက်မှုများအတွက် အဆောက်အအုံ၏ အမြင့်၊ ဒီဇိုင်းနှင့် ကြားခံဒေသအတွင်းရှိ ဟိုတယ်များနှင့် စပ်လျဉ်းသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအား ချမှတ်၍ ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာစီမံကိန်း အပြီးသတ်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

ymg/tthl
#Yangon_Media_Group