#Local_News
Published _ 26 July 2022

 

စိုက်ပျိုးရာသီချိန်ဖြစ်နေသဖြင့် ဇူလိုင်လ ပထမတစ်ပတ် အတွင်းမှာပင် ဓာတ်မြေဩဇာတန်ချိန် ၅၆၀၀ ကျော် တင်သွင်းကြောင်း သိရသည်။

 

ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများက တင်သွင်းလျှက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ နှစ်ရက်မှ ရှစ်ရက်အထိ တစ်ပတ်အတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၁၉ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၃၁၈၀ ကျော်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၁၅ သန်း တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၂၅၀၀ ကျော် စုစုပေါင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများက အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၃၄ သန်း တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၅၆၈၀ ကျော် တင်သွင်းခဲ့သည်။

 

ယင်း ကာလအတွင်း ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းရာတွင် တရုတ်နိုင်ငံမှ တန်ချိန် ၁၃၀၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆၀၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၂၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ တန်ချိန် ၁၃၀၀ ကျော်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၇၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၅၀၀ ကျော် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group