#LocalNews
Published - 1 July 2022

 

ကမ္ဘာ့စားသုံးဆီဈေးနှုန်းမြင့်တက်နေသော်လည်း အစိုးရအနေဖြင့် လုံးဝပြတ်လပ်ခြင်းမရှိစေရန် စီမံဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"တွက်ချက်မှုအရ တစ်ရက်ကို တစ်ဦးချင်းဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ၂ ဒသမ ၂၅ ကျပ်သားထိ စားသုံးရမှာဖြစ်ပါတယ်။ အဲဒီနှုန်းနဲ့ တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာမှာ နိုင်ငံရဲ့ဆီတွက်ချက်မှုဟာ လုံလောက်မှုမရှိတဲ့အပြင် နေ့စဉ်စားသုံးမှုကလည်း မြင့်တက်လာတာတွေ့ရပါတယ်။ ဆီစားသုံးမှုလျှော့ချဖို့လိုသလို စားအုန်းဆီထုတ်လုပ်မှု တိုးတက်ရေးကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့ဈေးကွက်အခြေအနေကတော့ စားသုံးဆီနဲ့ ပတ်သက်လို့ ဈေးနှုန်းမြင့်တက်တာတွေရှိ နေပေမဲ့လည်း အစိုးရအနေနဲ့ လုံးဝပြတ်လပ်မှုမရှိအောင် စီမံဆောင်ရွက်နေပါတယ်"ဟု ယင်းကပြောသည်။

 

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်သည့် သယံဇာတများစွာရှိပြီး စိုက်ပျိုးမြေများ အပြည့်အဝအသုံးချစိုက်ပျိုးခြင်း၊ စိုက်ဧကအားလုံးတွင်ဆီထွက်သီးနှံစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အထွက်နှုန်းပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် နိုင်ငံခြားငွေအများဆုံးသုံးစွဲနေသည့် စက်သုံးဆီ၊ စားသုံးဆီကို လျှော့ချသုံးစွဲနိုင်မည်ဆိုပါက ပြည်ပတင်သွင်းမှု လျော့ကျနိုင်မည်ဖြစ်သလို နိုင်ငံခြားငွေသုံးစွဲမှုမှာလည်း လျော့ကျသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ ဘဏ်စရိတ်များ ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်း စျေးနှုန်းကို ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။

 

ymg/sth
#Yangon_Media_Group