#LocalNews
Published - 8 June 2022

 

ကားတင်သွင်းမှု ပိတ်ထားသောကြောင့် ပြည်တွင်း၌ ကားဈေးတက်နေကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာစိုးထွန်းက YMG ကို ပြောသည်။

 

"ကားတင်သွင်းတာတွေကပိတ်ထားတော့ ကားဈေးကတော့ တတ်နေတာပေါ့၊ ကားဈေးတတ်တယ်ဆိုတာ ဝယ်ပြီးစုကြတာတွေလည်းရှိတယ်၊ ကားရောင်းတဲ့သူတွေကတော့ အရောင်းစင်တာတွေ၊ car showroom တွေ လိုင်စင်ပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ် ဝန်ထမ်းစရိတ်တို့ ၊ showroom တို့ ၊ စက်ရုံငှားခတို့ ဒါတွေကဈေးတတ်နေတာပေါ့၊ အောက်တိုဘာလကနေစပြီး ပိတ်ထားတာခုထိတော့ ခွင့်မပြုသေးဘူး၊ လောလောဆယ်တော့ ဘာသတင်းမှမကြားသေးဘူး"ဟု ယင်းကပြောသည်။

 

စီးပွားရေး မတည်ငြိမ်ခြင်းနှင့် ဒေါ်လာလိုအပ်ချက်ရှိခြင်းတို့ကြောင့် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တစ်ရက်မှစ၍ ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယခု ၂၀၂၂ ခုနှစ် ကားတင်သွင်းခွင့် မူဝါဒမှာလည်း လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာ မရေရာ ရှိနေသေးကြောင်းနှင့် အလွန်အမင်းမြင့်တက်လာသော စက်သုံးဆီဈေးနှုန်းတို့ကြောင့် လက်ရှိတွင် တစ်ပတ်ရစ်ကားဈေးကွက်အတွင်း အင်ဂျင်အရွယ်အစား 2000 CC အောက် ကားများသာ အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

 

နစက မှထုတ်ပြန်ထားသည့် ကားတင်သွင်းခွင့် မူဝါဒမှာ လုပ်ငန်းသုံးကားတစ်မျိုးတည်းသာ တင်သွင်းခွင့်ပေးထားသည့်အတွက် အိမ်စီးကား တင်သွင်းခွင့် ကန့်သတ်ချက်ရှိနေပြီး ရောက်ရှိပြီး တပတ်ရစ်ကားများကိုသာ အရောင်းအဝယ်ပြုနေရကြောင်း ကားရောင်းကားဝယ်လုပ်သူများထံမှ သိရသည်။

 

ymg/sth
#Yangon_Media_Group