#LocalNews
Published - 15 May 2022

 

ယခု မေလဆန်းပိုင်းမှစလို့ ပုဂံ - ညောင်ဦးဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ ပြန်လည်နည်းပါးလာခဲ့သည့်အတွက် ပုဂံဒေသခံများအနေနဲ့ အလုပ်ကိုင်များ ပြန်လည်ရှားပါးလာခဲ့တယ်လို့ သိရပါတယ်။

 

ပုဂံဒေသဟာ ခရီးသွားတွေကိုသာ အဓိကမှီခိုအားထားနေရတဲ့ ဒေသတစ်ခုဖြစ်ကာ ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားအများအပြားဝင် ရောက်ခဲ့သော်လည်း ယခုကာလမှာတော့ ခရီးသွားဧည့်သည်တွေဝင်ရောက်မှုက အနည်းအကျင်းသာ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"လာတော့လာကြပေမယ့် အရင်ကလောက်မလာကြတော့ဘူးပေါ့။ ကျဲသွားတာပေါ့ ရုံးပိတ်ရက် စနေ၊တနဂ်နွေလိုရက်မျိုးတွေဆိုရင်တော့ ဧည့်သည်တွေ နည်းနည်းပါးပြန်ရှိတယ်။ ကျန်တဲ့ရက်တွေက အတော်ပါးတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ဧည့်သည်တွေ အတော်လေးဝင်ရောက်ခဲ့တာရှိပါတယ်။ အခုကာလကျတော့ မိုးတွင်းလည်း ရောက်တော့မယ်လေ အဲ့တော့ ဧည့်သည်တွေကပါးသွားတယ်။ တချို့ မြို့ ကြီးတွေက ဧည့်သည်တွေကျ တော့ မိုးတွင်းဆိုတော့ မိုးတွေရွာရင် သွားရလာရမကောင်းဘူး၊ ဘုရားဖူးလို့ မကောင်းဘူး ထင်ကြတာ။ ဒါပေမဲ့ ဒီဘက်ဒေသတွေက အဲ့လိုမဟုတ်ဘူး။ မိုးရွာလည်း ခဏပဲ ပြီးရင်ပြန်တိတ်တယ်၊ ဆက်တိုက်ကြီးရွာတဲ့ ဒေသမဟုတ်ဘူး။

 

ခရီးသွားတွေအနေနဲ့ မိုးတွင်းကာလမှာလည်း ပုဂံဒေသကို လာရောက်လည်ပတ်လို့ရပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။"လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်အ ခြေအနေအချို့ကြောင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ သိသိသာသာကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

 

သို့သော်လည်း ပြီးခဲ့သည့်နှစ် ခရီးသွားရာသီကာလမှစတင်ပြီး ပုဂံဒေသသို့ ပြည်တွင်း ခရီးသွားတွေ ပြန်လည်ဝင်ရောက်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ယခု သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်းမှာလည်း ဟိုတယ်၊မိုတယ်တွေ ပြည့်သည်အထိ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ စံချိန်တင်ဝင်ရောက်ခဲ့မှုတွေရှိခဲ့တာပါ။

 

သို့သော်လည်း ယခုမိုးရာသီကာလမှစတင်ပြီး ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုတွေက နည်းပါးနေအုံးမည်ဖြစ်ပြီး လာမည့်ပွင့်လင်းရာသီ ခရီးသွားကာလမှသာ ပုဂံ- ညောင်ဦး ဒေသသို့ ပြည်တွင်း၊ပြည်ပဧည့်သည်တွေ ပြန်လည်ဝင်ရောက်မှုတွေ များပြားနိုင်မယ်လို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းထားကြပါတယ်။

 

ymg/kg
#Yangon_Media_Group