#LocalNews
Published - 27 March 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်ရှိ တိုက်ခန်းစျေးကွက်ဟာ ယခုနှစ်ဆန်းပိုင်းအတွင်းမှာ အရောင်း၊အဝယ်တွေ ပြန်သွက်လာခဲ့ပြီး ယနေ့တွင် တိုက်ခန်းတစ်ခန်းလျှင် ကာလပေါက်စျေးထက် ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကျော်ခန့်အထိ စျေးနှုန်းများလည်း မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှသိရပါတယ်။

 

"အခန်းတွေက အရောင်း၊အဝယ်တွေ ပြန်လိုက်နေတယ်။ အရောင်းအခန်းတွေလည်း အမြဲရှိသလို အဝယ်တွေလည်းလိုက်လာပါတယ်။ အခန်းစျေးတွေတက်တယ်ဆိုတာကလည်း ခေတ်စနစ်အခြေကြောင့်ပေါ့နော်။ လူတွေကလည်း အခုကာလမှာ ငွေကို လက်ထဲ မထားရဲဘူးပေါ့။ တိုက်ခန်းတွေ အိမ်၊ခြံ၊ မြေတွေကို ဝယ်ကြတာများတယ်။ ဒါကြောင့်လည်း အခန်း စျေးတွေ တက်တာပါပါတယ်။ ဒီကာလမှာ အခန်းစျေးက သိန်းဆယ်ဂဏန်းလောက် တက်သွားတာပေါ့။ အရင်က အပေါ်ဆုံးထပ်ဆို ၁၁၀၊ ၁၂၀ လောက်ပဲရှိရာကနေ အခန်းကောင်းရင်ကောင်းသလို ပြင်ဆင်ထားရင်ထားသလို ၁၄၀၊ ၁၆၀ လောက်အထိ စျေးပေါက်နေပါတယ်။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ယုဇနဥယျာဥ်မြို့တော်အတွင်းရှိ ယခင်တိုက်ဟောင်းလေးခန်းတွဲ ငါးထပ်တိုက်တွေအပါအဝင် စစ်တောင်းရိပ်မွန်ရှိ သုံးထပ်တိုက်များနှင့် အိုးအိမ်ဌာနမှတည်ဆောက်ခဲ့သည့် အပိုင်း(၁၊၂၊၃) တိုက်သစ်များဘက်တွင် တိုက်ခန်းအရောင်းအဝယ် တွေဟာ ယခုကာလမှာ ပိုမိုဖြစ်နေတာဖြစ်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။

 

လက်ရှိ ယုဇနဥယျာဥ်မြို့တော် တိုက်ခန်းပေါက်စျေးဟာ အပေါ်ဆုံးထပ်ဆိုပါက ကျပ်သိန်း ၁၃၀ ၊ တတိယထပ်ဆိုပါက ကျပ်သိန်း ၁၄၀ မှ ၁၅၀ ကြား၊ ပထမထပ်ဆိုပါက ကျပ်သိန်း ၁၈၀ မှ ၁၉၀ ခန့်နှင့် မြေညီထပ်ဆိုပါက ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၃၀၀ ကျော်အထိ ပေါက်စျေးရှိနေတာဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/kg
#Yangon_Media_Group