#LocalNews
Published -22 Mar 2022

 

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရက ကွပ်ကဲမှုရုံးကို ၂၄ နာရီဖွင့်ကာ တာဝန်ချထားပြီးအရေးပေါ်ကယ်ဆယ်ရေးစုဖွဲ့မှုများပြုလုပ်ထားကာ ကမ်းရိုးတန်းသွားယာဥ်များကို မတ်လ ၂၁ ရက်နေ့ကစပြီး ရပ်နားထားစေကာ လေယာဥ်ခရီးစဥ်များကို ယနေ့မှစ၍ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်မှုများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်များအား အဆင်သင့်စုဖွဲဆောင်ရွက်ထားတယ်လို့ ကျောက်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

 

"ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ လေထိုးဘုတ်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်ထားပါတယ်။အရေးပေါ်အခြေအနေဖြစ်လာတာနဲ့ သွားရောက်ကူညီနိုင်ဖို့ပါ"ဟု ကျောက်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

ဆောင်ရွက်ရာမှာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်တွေနဲ့ မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

 

မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ သံတွဲမြို့၏ တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၂၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပိုပလဲယား ၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့၏ အရှေ့‌မြောက်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

 

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကာ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ၌ မြောက်လတ္တီကျု(၁၄.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။

 

အားကောင်းသောမုန်တိုင်းငယ်သည် လာမည့် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးမှလည်းကောင်း၊ မတ်လ ၂၃ ရက် နံနက်ပိုင်း တွင်ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ymg/hm
#Yangon_Media_Group