#LocalNews
Published - 17 March 2022

 

အလှူသွားသည့် လိုက်ထရပ်ယာဥ် တိမ်းမှောက်ရာမှ လူ ၅ ဦး သေဆုံးပြီး ယာဥ်ပေါ်ပါသူအများအပြား ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ (မတ်လ ၁၇ ရက်)၊ နေ့လည်ပိုင်းအချိန်က နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇဗ္ဗူသီရိအထူးကုဆေးရုံရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိခဲ့ပြီး ထိုအထဲမှ ၅ ဦးဟာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့ပြီး ကျန်လူနာများကိုတော့ နေပြည်တော်ရှိ ကုတင်(၁၀၀၀) ဆေးရုံကြီးတွင် ဆက်လက်၍ ဆေးကုသမှုတွေကို ပြုလုပ်ပေးနေတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

 

"သူတို့က အလှူသွားကြတာလို့ပြောပါတယ်။ လယ်ဝေးမြို့ထဲက သူတွေပေါ့။ ကားက ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့တာပါ။ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးသွားရောက်တဲ့အချိန်မှာ ရရှိစာရင်းအရ ဒဏ်ရာရသူ ကျား ၁၄ ယောက်၊ မ ၁၁ ယောက်ရှိခဲ့ပါတယ်။

 

အခု ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့ကို သတင်းဝင်တာက ဒဏ်ရာရလူနာတွေထဲက ၅ ဦးကတော့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။"လို့ M.RESCUE Naypyitaw မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို နေပြည်တော်ဒေသခံလူမှုကူညီရေးအဖွဲ့တွေက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကာ ဒဏ်ရာရလူနာများကိုလည်း နေပြည်တော်ရှိ ကုတင်(၁၀၀၀) ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group