#LocalNews
Published - 17 March 2022

 

စစ်ကိုင်းမြို့ပေါ်မှ သံဃာအပါး(၅၀၀)အား ဆွမ်းလောင်းလှူဒါန်းပွဲကို ဒီကနေ့(မတ်လ ၁၇ ရက်)၊ နံနက်ပိုင်းအချိန်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ရတနာစေတီဆင်များရှင်ဘုရားကြီး ပုရဝုဏ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ သံဃာအပါး(၅၀၀) ဆွမ်းလောင်းလှူဒါန်းပွဲကို သီတဂူဆရာတော်ကြီး၏ သက်တော်(၈၅)နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူရှင်များကစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 

ဒီကနေ့ပြုလုပ်တဲ့ ဆွမ်းလောင်းလှူဒါန်းပွဲတွင် အလှူရှင်များက သံဃာတော်များအတွက် သပိတ်အလုံး(၅၀၀)၊ ဆွမ်း၊ဆွမ်းဟင်း(၅)မျိုး၊ မုန့်၊ သစ်သီးနှင့် လှူဖွယ်ပစ္စည်း အစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ရတနာစေတီဆင်များရှင်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို တင်လှူပူဇော်သည့် မင်္ဂလာအခမ်းအနားကိုလည်း တပေါင်းလဆန်း(၁၃)ရက် နံနက်တွင် သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး
ယမန်နေ့ကလည်း ရတနာစေတီဆင်များရှင် ဘုရားကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သီတဂူ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

 

ymg/kg
#Yangon_Media_Group