#Local_News
Published_ 10 March 2022

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ ၂ ခုအား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁,၀၀၀ ခန့်အား လုယက်ခဲ့သည့် ဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သီပေါမြို့နယ်၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ငွေကျပ် ၁,၉၅၅ သိန်းအား လုယက်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

 

လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ သီပေါမြို့ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်သူများအသုံးပြုခဲ့သည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်အား ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ လုပ်ပါကျေးရွာအနီး လမ်းဘေးတွင်တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဆက်လက်၍ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကွင်းဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်အား စီးနင်းမောင်းနှင်အသုံးပြုခဲ့ပြီး လုယက်မှုကျူးလွန်ရာတွင် မသင်္ကာတရားခံဖြစ်သော ပုသိမ်ကြီးမြို့နယ်၊ သာစည်ရွာသစ်ကျေးရွာနေ သော်ဇင်အုံး(၃၂)နှစ် (ဘ)ဦးဇော်ဇော်မင်းအား ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါတယ်။

 

သော်ဇင်အုံး၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ငွေလင်းထွန်း (၂၈)နှစ် (ဘ) ဦးတင်စိုးနှင့် နှင်းနှင်းဦး (၃၀) နှစ် (ဘ) ဦးမြင့်မောင် ၊ ပြည့်စုံဝင်းဆင် (၂၉)နှစ် (ဘ) ဦးမာဆင်းနှင့် ဇနီးဖြစ်သူ မဆိုင်းပန်နူး (၂၇)နှစ် (ဘ)ဦးခမ်းအောင်၊ မျိုးမင်းဟန် (၂၆)နှစ် (ဘ) ဦးမောင်တင်တို့အား ဖမ်းဆီးရမိခဲ့ပါတယ်။

 

ပြည့်စုံဝင်းဆင်၊ ငွေလင်းထွန်း၊ မျိုးမြင့်ဟန်(ခ)ပလောင်တို့သည် ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သီပေါဘဏ်သို့သွားရောက်ခဲ့ပြီး ပြည့်စုံဝင်းဆင်မှ ဘဏ်ရှေ့ရှိဘဏ်လုံခြုံရေးအား ငွေထုတ်ပုံထုတ်နည်းအား အာရုံလွှဲမေးမြန်းနေစဉ် ငွေလင်းထွန်းနှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့က နောက်မှဝင်ရောက်လာကာ ငွေလင်းထွန်းက ဘဏ်လုံခြုံရေးအား သေနတ်ဖြင့်ထောက်၍ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများနှင့်ငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ပြီး အသင့်ယူဆောင်လာသော ခရီးဆောင်အိတ် ၂ လုံးဖြင့် ငွေထားရှိသည့် အခန်းသို့ဝင်ရောက်ကာ ငွေများအားထည့်သွင်း၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သီပေါမြို့မှ နောင်ချိုမြို့သို့ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ထပ်မံစစ်ဆေးဖော်ထုတ်ခဲ့ရာ ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့သည် နဂါး(ခ) သန့်ဇင်ထွန်းနှင့်အတူ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာတွင် ပြည့်စုံဝင်းဆင်မှ ဦးဆောင်စီစဉ်ကြီးကြပ်ပြီး မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်ပေးကာ ငွေလင်းထွန်းက သေနတ်ကိုင်ဆောင်ကာ နဂါး(ခ) သန့်ဇင်ထွန်းနှင့်အတူ ဘဏ်အတွင်း ဝင်ရောက်လုယက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာမှ ငွေကျပ် ၁,၂၉၈.၈၁၅ သိန်းရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးမှ ခွဲဝေရယူခဲ့ကြကြောင်း ထွက်ဆိုခဲ့ပါတယ်။

 

၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်များအရ ဖမ်းဆီးရန်ကျန် နဂါး(ခ)သန့်ဇင်ထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်တွင် နောင်ချိုမြို့၌ ဖမ်းဆီးရမိခဲ့ပါတယ်။

 

အထက်ပါလုယက်မှုဖြစ်စဉ်(၂)ခုမှ ကျူးလွန်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၁,၂၂၀ သိန်း၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဆွဲသီး တစ်ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ Tablet ၁ လုံး၊ ရွှေဘောက်ချာ ၆ ရွက်နှင့် ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၂ တောင့်၊ Toyota GAIA အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကာ ကျန်ရှိသည့် သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေးဖော်ထုတ်သိမ်းဆည်းခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

#ymg_mnn
#Yangon_Media_Group