#LocalNews
Published -8Mar 2022

 

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် မတ်လ ၃ ရက်နေ့က ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ် ။

 

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင် သက်နိုင်(၅၈)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း(၂/ခ)ရပ်ကွက်၊ ဘူတာလမ်းတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်လွင်(၅၄)နှစ်အား Beijing မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၃ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်၊ ရွှေစင် (၁)လမ်း၊ အိမ်အမှတ်(၄၄/၂၂၃)၊ A-1 မြေညီထပ်ရှိ ကျော်လွင်၏ တိုက်ခန်းအား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၂ သိန်း နှင့် ဘိန်းဖြူဘလောက်တုံး ၇၆ တုံး၊ အလေးချိန် ၂၅ ဒသမ ၈၄ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၄ သိန်း၊ ဘိန်းဖြူ ၂၅ ဒသမ ၈၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ထို့ကြောင့် မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူများဖြစ်သည့် သက်နိုင်နှင့်ကျော်လွင်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group