#LocalNews
Published_ 20 Feb 2022

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လေးဒေါင့်ကန်ကျေးရွာ အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းမကြီးအနီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ပြည်သူအငှားအိမ်ရာစီမံကိန်းပြီးစီးပါက ရန်ကုန်စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်အတွင်း အိမ်ငှားနေထိုင်သူ မည်သည့်မိသားစုဝင်မဆို လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက မြေဧက ၁၇၄ ဧကပေါ်မှာတည်ဆောက် အကောင်အထည်ဖော်နေတာဖြစ်ပြီး လေးခန်းတွဲငါးထပ်ပါ အဆောက်အအုံ ၁၉၄ လုံး အခန်းပေါင်း ၃၁၀၄ ခန်း ပါဝင်ပါတယ်။

စီမံကိန်းရှိတိုက်ခန်းများထဲမှ အချို့ပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းတွေကို ရေနဲ့လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပြီးပါက ၂၀၂၂ ခုနှစ်အတွင်းမှာ အငှားချထားပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့အငှားအိမ်ရာငှားရမ်းရာတွင် လျှောက်လွှာခေါ်ယူမယ့် အချိန်၊ နေ့ရက်နဲ့ လိုအပ်ချက် များကို အများပြည်သူသိရှိစေရန် တရားဝင်ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့အငှားအိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ရန်ကင်းအိမ်ရာ၊ ဦးဝိစာရအိမ်ရာ၊ လမ်းသစ်အိမ်ရာ၊ ဝေဠုဝန်အိမ်ရာ၊ ကန်တော်လေးအိမ်ရာ စတဲ့ အိမ်ရာများအပါအဝင် ပြည်သူ့အငှားအိမ်ရာပေါင်း ၁၁ ခုကို အကောင်အထည်ဖော်ပေးခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါအိမ်ရာများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအပါအဝင် ဝင်ငွေနည်းပြည်သူများကိုစျေးကွက်တွင် လက်ရှိအိမ်လခပေါက်စျေး ငှားရမ်းခထက် များစွာသက်သာသည့် နှုန်းထားများဖြင့် နှစ်ရှည်ငှားရမ်းနေထိုင်ခွင့်ပေးခဲ့ပါတယ်။

ymg_mnn
#Yangon_Media_Group