#LocalNews
Published -17 Feb 2022

 

လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေကို သက်ဆိုင်ရာ အင်အားစုများအနေနဲ့ စိတ်ရှည်သည်းခံမှု၊ အကြမ်းဖက်မှုများ၊ မဖြစ်ပေါ်လာရေး ညင်သာစွာ ကိုင်တွယ်ဆောင်ရွက်ပေးကြဖို့ မွန်ညီညွတ်ရေးပါတီမှ တိုက်တွန်း လိုက်ပါတယ်။

 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာကျရောက်တဲ့(၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အခမ်းအနားကိုပေးပို့သော မွန်ညီညွတ်ရေးပါတီရဲ့ သဝဏ်လွှာ ထည့်သွင်းရေးသားတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

အဆိုပါသဝဏ်လွှာတွင် လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေကို သက်ဆိုင်ရာအင်အားစုတွေအနေနဲ့ စိတ်ရှည်သည်းခံမှု၊ အကြမ်းဖက်မှုများ၊ မဖြစ်ပေါ်လာရေး ညင်သာစွာ ကိုင်တွယ်ဆောင်ရွက်ပေးကြဖို့နဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့နည်းလမ်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရှုလျက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ပြည်တွင်း ငြိမ်းချမ်းရေးကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းထားရေးသားထားပါတယ်။

 

ဒါ့အပြင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ အခြေအနေအား ပကတိအရှိတရားအပေါ် ဆင်ခြင်သုံးသပ်ကာ မွန်တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားအတွက် သိမ်မွေ့ ညင်သာသော တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို လျှောက်လှမ်းကာ မွန်လူမျိုးတို့သာမက တိုင်းရင်းသားအားလုံး လိုလားနေသော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တန်းတူရရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဆက်လက်ရုန်းကန်ကြိုးစားသွားရမှာဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီရဲ့ သဝဏ်လွှာတွင်ဖော်ပြရေးသားထားပါတယ်။

 

ymg/hm
#Yangon_Media_Group