#LocalNews

Published - 16 Jan 2022

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း စစ်ရေးတင်းမာမှုများဖြစ်ပေါပြီး တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံများရဲ့ပြောပြမှုအရ သိရပါတယ်။

 

လက်ရှိတွင် ကျောက်မဲနှင့် သီပေါကြားရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံများအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

 

အဆိုပါထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေပါရှိ နေတယ်လို့ ဒေသခံများက ပြောပါတယ်။

 

"အသံတွေက ကြားနေရတာပေါ့။ လွန်ခဲ့တဲ့ ၃ ရက် လောက်ထဲကဖြစ်နေကြတာ။ ပြောရရင် ၁၀ ရက် နေ့ ၁၁ ရက်နေ့လောက်ထဲက တိုက်ပွဲတွေဖြစ်နေတာပါ။မြို့ပေါ်အခြေအနေက မထူးခြားပါဘူး၊ တည်တည်ငြိမ်ငြိမ်ပါပဲ၊ အဓိက က ကားလမ်းမဘက်မှာဖြစ်တာပေါ့ ။ မြို့နဲ့ဆိုရင် ၅ မိုင် လောက်ဝေးပါမယ်။စစ်ရေးအနေအထားတင်းမာတယ်လို့ပဲ ပြောရမယ်။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ထဲကစပြီး သေနတ်သံတွေကြားရတယ်။ ည ၁၂ နာရီလောက်အထိ ကြားနေရတယ်။ တိုက်ပွဲဖြစ်နေတာက ၃ ရက်၊ ၄ ရက် လောက်ရှိပါပြီ။"လို့ ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ပြီးခဲ့သည့်နှစ် ဇွန်လဆန်းကစပြီး စစ်ရေးတင်းမာမှု တွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ယနေ့အထိ ပြည်နယ်အတွင်းက နေရာဒေသအချို့မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

 

ယခုလို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအချင်းချင်း စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာ
ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒေသတွင်းတိုက်ပွဲများပြင်းထန်လာမှာနှင့် စစ်ဘေးရှောင်များ
တိုးလာမှာကိုလည်း ကျောက်မဲမြို့ဒေသခံတွေအနေနဲ့ စိုးရိမ်လျက်ရှိနေကြတာပါ။

 

ဒါကြောင့်လည်း အခုလက်ရှိအချိန်အထိ ကျောက်မဲမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း(၄)ခုအထိ ဖွင့်လှစ် ပေးထားပြီး စစ်ဘေးရှောင်ပြည်သူလူဦးရေ ၁,၀၀၀ ကျော်ခန့်ကို ဒေသခံတွေက ကူညီစောင့်ရှောက် ပေးထားရတာပါ။

 

"အခုလည်း တချို့စစ်ဘေးရှောင်တွေ ထပ်ရောက်လာကြပြီပြောတယ်။ အခု ဘော်ကြိုဘုရားနားမှာလည်း စစ်ဘေးရှောင်တွေရောက်နေတယ်ကြားတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေများလာမှာပဲ စိုးရိမ်ရပါတယ်။"လို့ သူက ဆက်ပြောပြခဲ့ပါတယ်။

 

လတ်တလောကာလမှာလည်း ကျောက်မဲမြို့ အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲအချို့ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံများရဲ့ ပြောပြချက်အရသိရပြီး ထပ်မံရောက်ရှိလာတဲ့ စစ်ဘေး ရှောင်ပြည်သူများကိုလည်း ဒေသခံလူမှုရေးအသင်းအဖွဲ့တွေက တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးနေတယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - ယခင်ပုံ ဟောင်းများ ဖြစ်ပါသည်။

YMG/kg
#Yangon_Media_Group