#LocalNews
Published - 16 Jan 2022
ရန်ကုန်မြို့ရှိ ရန်ကင်းကိုဗစ်ကုသရေးစင်တာတွင် ကိုဗစ်လူနာ ၃၀၀ အထိ ချက်ချင်းတက်ရောက်ကုသနိုင်ရန် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားတယ်လို့ အဆိုပါစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အခု အိုမီခရွန် တွေ့ရတဲ့ဟာက ဒီမှာ လူနာမထားသေးဘူး။ သူတို့ကို ဝေဘာဂီအထူးကု ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးတွေကို ပို့ဆောင်ကုသပေးနေတာပါ။
ဟိုတစ်နေ့ကဆို ၈ ယောက်တွေ့တယ်။ နောက်နေ့ကျတော့ ၂ ယောက် ဒီနေ့လည်းတစ်ယောက်ပို့ဆောင်ပေးရပါတယ်။ ဒီနေ့တွေ့တာက အိုမီခရွန်မဟုတ်ပါဘူး၊ ကိုဗစ်ပါ။ ပြောရရင် ဒီရက်ပိုင်း လူနာပိုတာတွေ နည်းနည်းစိပ်လာတယ်။ ကျွန်တော်တို့အထိုင်ချထားတဲ့ ရန်ကင်းကိုဗစ်ကုသရေးစင်တာမှာ တော့ အားလုံးကိုကြိုတင်ပြင်ဆင်ထားတယ်။ ဒီမှာက အောက်ဆီဂျင်ပလန့်တွေလည်းရှိတယ်။ အောက်ဆီဂျင်တွေကိုလည်း တိုင်းအစိုးရက ပိုပေးထားတယ်။ ပြောရရင် လူနာ ၆၀၀ စာအတွက် ပြင်ထားပါတယ်။ ချင်ချင်းက ၃၀၀ လောက်တက်လို့ရပါမယ်။ နောက်ကျရင် လူနာ ၆၀၀ စလုံး တက်လို့ရ အောင်တော့ ပြင်ဆင်ထားတာတွေရှိပါတယ်။"လို့ ၎င်းက ဆက်လက် ပြောပြခဲ့ပါတယ်။
အိုမီခရွန် ရောဂါပိုးအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုပြုလုပ်ထားသလို ကုသရေးပိုင်းအတွက် ဆရာဝန်နှင့် သူနာပြုတွေလည်း အဆိုပါစင်တာမှာ အဆင်သင့်ရှိနေကြတယ်လို့ သူက ဆက်ပြောပြခဲ့ပါတယ်။
"ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိပါတယ်။ လူနာတင်ယာဉ်များနဲ့(Volunteer) အင်အားများကိုလည်း အသင့်အနေအထားပြင်ဆင်ထားပါတယ်။"လို့ ၎င်းက ပြောပြခဲ့ပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ယူအေအီးနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခု ဇန်နဝါရီ ၁၅ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ ၇၆ ဦးမှာ အိုမီခရွန်ရောဂါပိုးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
YMG/kg
#Yangon_Media_Group