#Local_News
Published_25 Jan 2023

 

City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို မြို့နယ်အလိုက် သတ်မှတ် သင်္ကေတနံပါတ် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်များ၏ ဘေး၌ စတေကာနံပါတ်များကို E၊ W၊ S၊ N သင်္ကေတများဖြင့် အသုံးပြုထားခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ပြီးဖြစ်သောကြောင့် ယင်းကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်ကစ၍ ပြောင်းလဲအသုံးပြုရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် တက္ကစီယာဉ်များ စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သော City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်တွင် “ဂ”စင်းလုံးငှားဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းလည်း YRTC က သိရသည်။

 

City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကို ကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခ ၃၀၀၀ ၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅၀၀ နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ် သတ်မှတ်၍ ကောက်ခံတော့မည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိသည့်အတွက် တိုက်ကြီးမြို့ကို သင်္ကေတအမှတ်အသားနံပါတ်ဝမ်း၊ City Taxi YGN-1/0001၊ထန်းတပင်မြို့နယ်ကို သင်္ကေတအမှတ်အသား City Taxi YGN-2/0001 ၊မင်္ဂလာဒုံမြို့နယ်ကို City Taxi YGN-3 /0001စသည်ဖြင့် သတ်မှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

"မြို့နယ်တစ်ခုချင်းအလိုက် ဒီလိုနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ City Taxi မှတ်ပုံတင်တဲ့အခါလည်း အရင်ကဆိုရင် ရပ်ကွက် ထောက်ခံစာ၊ သန်းခေါင်စာရင်းတွေ၊ စာချုပ်တွေတောင်းခံတာတွေရှိတယ်။ အခုအဲဒါတွေမတောင်းခံတော့ဘဲ ယာဉ်မှတ်ပုံတင်စာအုပ်မှာရှိတဲ့ နောက်ဆုံးအမည်ပေါက်ရယ်၊ သက်တမ်းတိုးပြီး အထောက်အထားတွေရယ်၊ လုပ်ငန်းလိုင်စင်အပိုင်းတစ်နဲ့နှစ်ရယ်၊ ပြီးတော့ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းသူတွေရဲ့မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်“ဃ”နဲ့“င” အဲဒီအထောက်အထားတွေပဲယူမှာဖြစ်ပြီး လာရောက်ဆောင်ရွက်သူကို ပြန်လည်ပေးအပ်လိုက်မှာပါ။ e-Government စနစ်အတိုင်း ကွန်ပျူတာနဲ့သိမ်းဆည်းထားမယ်"ဟု တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ရှင်းပြသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ၏ စာရင်းများအရ သိရသည်။

 

#ymg/mt
#Yangon_Media_Group