Published 4 December 2022

အိန္ဒိယရုပ်သံ အမှုဆောင်တစ်ဦးဖြစ်တဲ့ အာသာ ရာရှက်ဟာ ထိပ်ပြောင်တစ်ဦးပါ။ သူဟာ ချောမောတဲ့သူတစ်ဦးလို့ဖြစ်ချင်ပြီး အိမ်ထောင်ပြုချင်ပါပြီ။ ဒါပေမယ့် အသက် ၃၀ အရွယ်သူအနေနှင့် အန္တရာယ်မရှိဘူးလို့ မြင်မိတဲ့ ဆံပင်အစားထိုးခွဲစိတ်ကုသမှုဟာ တကယ်တမ်းတော့ သေလုမျောပါးဖြစ်တဲ့အထိ မှားသွားခဲ့ပြီဆိုတာသူသိလိုက်ရပါတော့တယ်။

အမျိုးသမီးတွေဟာ သူတို့ရဲ့ ရုပ်ဆင်းသွင်ပြင်နှင့် ချိန်ထိုးတန်ဖိုးဖြတ်လေ့ရှိခဲ့ကြပါတယ်။ အခုတော့ ရုပ်ဝတ္တုနောက် လိုက်ပါလာမှု တိုးပွားလာနေတဲ့ အိန္ဒိယလူမှုအဖွဲ့အစည်းမှ အမျိုးသားတွေဟာလည်း သူတို့ကိုယ်သူတို့ နုပျိုလှပဖို့ ၊ကြည့်ပျော်ရှုပျော်ရှိဖို့နှင့် သူတို့ရဲ့ လူမှုရပ်တည်နေမှုတွေ ဆုံးရှုံးမှာ စိုးရွံမှုတွေရဲ့ ဖိအားကို ခံစားနေကြရပါတယ်။

အဲဒါကြောင့်  ဖြုန်းလို့ရတဲ့ ဝင်ငွေတွေမြင့်တက်လာပြီး တစ်ကိုယ်ရည်ရုပ်သွင်ကို  ပိုပြီး အားကောင်းလာဖို့  အာရုံစိုက်ကြတဲ့အနေနှင့် ထိပ်ပြောင်အမျိုးသားတွေဟာပိုပြီးတော့ ဆံပင်အစားထိုးခွဲစိတ်ကုသမှုခံယူလာကြပါတယ်။

ဒါပေမယ့် အားနည်းလှတဲ့ ဥပဒေတွေနှင့် လုပ်ထုံးလုပ်နည်းတွေကြောင့်  တစ်ခါတစ်ခါ အချို့ အပျော်တမ်းသမားတွေဟာ ယူကျုကနေကြည့်ပြီး ခွဲစိတ်ကုသမှုတွေလုပ်ပေးနေကြလို့ အသက်ဆုံးရှုံးမှုတွေအထိဖြစ်နေကြရပါတယ်။

ရာရှက်ဟာ မိသားစုတစ်စုလုံးကို တစ်ဦးတည်းလုပ်ကျွေးနေသူဖြစ်ပြီး အိမ်တစ်လုံးပိုင်ဆိုင်ဖို့နှင့် သူ့နှမနှစ်ဦးအိမ်ထောင်ပြုပေးဖို့ စတဲ့  ပိုကောင်းမွန်တဲ့ ဘဝကို မျှော်လင့်သူပါ။

ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့နှစ်က ဒေလီမှာရှိတဲ့ ဆံကေသာခွဲစိတ်ခန်းတစ်ခုမှာ ဆံပင်အစားထိုးခွဲစိတ်ကုသမှုလုပ်ပြီးတဲ့နောက် ပိုးဝင်သွားခဲ့ပါတယ်လို့  တုန်လှုပ်နေတဲ့ အသက် ၆၂နှစ်အရွယ်သူ့မိခင်  အက်ဆီယာ ဘီဂမ်က အေအက်ဖ်ပီကိုပြောပါတယ်။

ဦးခေါင်းကစပြီး သူဟာဖူးရောင်လာပါတယ်။သူဟာ ကြောက်စရာကောင်းလောက်အောင် နာကျင်တဲ့ ဒဏ်ကိုခံစားခဲ့ရပါတယ်။

“ ကျွန်မသားလေးဟာ အလွန်နာကျင်တဲ့ဝေဒနာခံစားရပြီး ကွယ်လွန်သွားခဲ့တယ်။ သူ့ကျောက်ကပ်တွေက အလုပ်ဆက် မလုပ်တော့ဘူး။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေလည်း ပျက်စီးကုန်တယ်” လို့ သူမက ကြေကွဲစွာပြောပါတယ်။

သေဆုံးခါနီးမှာ ရာရှက်ရဲ ရောင်ကိုင်းနေတဲ့ မျက်နှာကြီးနှင့် ခန္ဓာကိုယ်တစ်ခုလုံး အညိအမည်းစွဲနေတဲ့ ဓာတ်ပုံတွေနှင့်အတူ  မိသားစုက ရဲမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

သူ့ကို ခွဲစိတ်ပေးတဲ့သူနှစ်ဦးအပါအဝင် လူလေးဦးကို ရဲက ဖမ်းဆီးခဲ့ပြီး အမှုကိုစစ်ဆေးဖို့ စောင့်ဆိုင်းနေပါတယ်။

“ ကျွန်မသားကို ဆုံးရှုံးလိုက်ရပေမယ့် လူအချို့ရဲ့ မရိုးမသား လုပ်ဆောင်မှုတွေကြောင့် အခြားမိခင်တွေ ဒီလိုဆုံးရှုံးရတာမျိုး မဖြစ်စေချင်ဘူး” လို့ သူမကပြောပါတယ်။

ကျွမ်းကျင်တဲ့ ခွဲစိတ်ပညာရှင်တွေက ခွဲစိတ်ပေးရင်တော့ ဆံပင်အစားထိုခွဲစိတ်မှုဟာ ဘဝကိုပြောင်းလဲစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတိုးပွားစေတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။အထူးသဖြင့် တစ်ကိုယ်ရည်နှင့်လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်ဖို့ရှာဖွေနေသူ ငယ်ရွယ်တဲ့အိန္ဒိယအမျိုးသားတွေအတွက်ပါ။

အမျိုးသားတွေဟာ သူတို့ရဲ့တစ်ကိုယ်ရည်ကျော့ရှင်းမှုကို ဘဝဟန်ပန်ပြောင်းလဲမှုအဖြစ် ပိုပြီး အာရုံစိုက်လာကြတယ်လို့ လူမှုရေးသုံးသပ်ဝေဖန်သူ ဟာရစ်လိုင်ယာကပြောပါတယ်။

ဆံပင်အစားထိုးခွဲစိတ်ကုသမှုလုပ်ငန်းစဉ်မှာ မွေးညှင်းပေါက်တွေကို အမွှေးတွေထူထပ်နေတဲ့နေရာကနေ ခွာထုတ်ယူရပါတယ်။ အထူးသဖြင့် ဦးခေါင်းရဲ့နောက်ဘက်ဖြစ်ပါတယ်။ အဲဒီနောက် အဲဒီဆံပင်တွေကို ပြောင်နေတဲ့ ဦးရေခွံတွေနေရာမှာ ပြန်စိုက်ယူရတာပါ။

နယူးဒေလီအရပ်မှာ သူ့ရဲ့  ဈေးကြီးတဲ့ ဆေးခန်းမှာ တစ်လတစ်လကို ခွဲစိတ်ကုသမှု ၁၅ ခုလုပ်ပေးနေရပါတယ်လို့ ဒေါက်တာ မာယန့်ခ်ဆင်းက ပြောပါတယ်။ အများစုဟာ အသက် ၂၅နှစ်မှ ၃၅ နှစ်အကြား လူငယ်အမျိုးသားတွေဖြစ်ကြ ပြီး အိမ်ထောင်ပြုတော့မယ်သူတွေ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲ တိုးတက်မှုရှာနေသူတွေလို့ ဆိုပါတယ်။

ခွဲစိတ်ကုသစရိတ်ဟာ တစ်ဦးကို ရူပီး သုံးသိန်းခွဲခန့်(ဒေါ်လာ  ၄၃၀၀) ရှိနေပါတယ်။ လူသန်းပေါင်းများစွာဟာ တစ်ရက်ကို နှစ်ဒေါ်လာအောက်ပဲဝင်ငွေရှိနေတဲ့ အိန္ဒိယမှာ ဒီပိုက်ဆံဟာ နည်းနည်းနောနောတော့ မဟုတ်ပါဘူး။

ဒေါက်တာရမ်းကုတွေကြောင့် ဒီအလုပ်ဟာ အတော်နာမည်ပျက်နေပါပြီ လို့ အိန္ဒိယနိုင်ငံ ဆံပင်ပြန်ပေါက်ခွဲစိတ်ကုဆရာဝန်အသင်းရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာဆင်းကပြောပါတယ်။

လူတွေက ဒီခွဲစိတ်မှုကို အသေးစားလေးလို့ထင်ကြတယ်။ တကယ်တမ်းက ခြောက်နာရီကနေ ရှစ်နာရီလောက်အထိ အချိန်ကြာတတ်တယ်လို့လည်း သူကပြောပါတယ်။

တင်းကြပ်တဲ့ လမ်းညွှန်ထိန်းကျောင်းမှုတွေ တကယ့်ကိုလိုအပ်နေပါပြီလို့လည်း သူကပြောလိုက်ပါတယ်။

Source AFP

#Hair_transplant

#Deadly_hair_tranplant_india

#India_hair_transplant