၂၀ ဧပြီ ၂၀၂၄

အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်နိုင်ငံနယ်စပ်အနီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် KNU KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည်  အကျအဆုံးများစွာဖြင့် ယနေ့ ဧပြီ ၂၀ ရက်ညနေ ၅နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း  နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဧပြီ၂၀ ရက်မနက်ပိုင်းက စတင်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိုအဖွဲ့သည် လက်နက်ကြီးများဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့ကို သာလွန်အင်အား အသုံးပြု၍ တိုက်ပွဲဖော်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ယင်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည် တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်းပစ်ကူ ပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများ  ကို ဆောင်ရွက်ခဲ့ရာ အဆိုပါ ပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် အနောက်   ဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl