၂၄ ဧပြီ ၂၀၂၄

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ပအန်ခရိုင်က ငှားနေတဲ့အိမ်တစ်အိမ်မှာ ဧပြီ ၂၃ရက် အင်္ဂါနေ့က မြန်မာ အမျိုးသားတစ်ယောက် ဇနီးနှင့် သားငယ်ကို သတ်ပစ်ပြီး သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တယ်လို့ ထိုင်း  ပြည်တွင်းမီဒီယာတွေမှာ သတင်းရေးသားကြပါတယ်။

အဲဒီမြန်မာအမျိုးသားဟာ ဇနီးဖြစ်သူကို ဓားနှင့်ထိုးသတ်ပြီးနောက် သားကို ကြိုးဆွဲချသတ်ကာ နောက်ဆုံး မိမိကိုယ်မိမိကြိုးဆွဲချ အဆုံးစီရင်ခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။

ချင်းမိုင်က အဆိုပါ တစ်ထပ်အိမ်အတွင်းမှာ သေဆုံးနေတဲ့ မိသားစုဝင်(၃)ဦးရဲ့ အလောင်းတွေကို ယမန် နေ့ ဧပြီ ၂၃ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက်၂၉နှစ်အရွယ်ရှိမြန်မာအမျိုးသမီး နန်းအုန်းရဲ့အလောင်းကို  လည်ပင်းပြတ်ရှဒဏ်ရာနှင့်အတူ သူမရဲ့အိပ်ရပေါ်မှာသေဆုံးနေတာတွေ့ကြရပါတယ်။ ခင်ပွန်းဖြစ်သူ အသက် ၃၈နှစ်အရွယ် စံသူအေး ကို တော့ အိပ်ခန်းတံခါးမှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ရပြီး အသက် ၉နှစ်အရွယ် သားငယ် သန်နာပွန်ကို လည်း အခြားအိပ်ခန်းတစ်ခုက တံခါးမှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ခဲ့ကြရပါတယ်။

အလောင်းတွေရှာမတွေ့ခင် (၈)နာရီနှင့် (၁၂)နာရီအကြားမှာ သူတို့သေဆုံးခဲ့တာဖြစ်မယ်လို့ ထိုင်းရဲက သတင်းပေးပို့ပါတယ်။မိသားစုဝင်တွေရဲ့ တန်ဖိုးရှိတဲ့အရာတွေဟာ မပျက်မယွင်းရှိနေပြီး တံခါးတွေကို လည်း အတွင်းက သော့ချထားတာကြောင့် စံသူအေးဟာ လူသတ်မှုနှင့်ကိုယ့်ကိုကိုယ်သတ်သေမှုတွေ ကျူးလွန်ခဲ့တာဖြစ်မယ်လို့ ရဲအရာရှိတွေက ယုံကြည်ထားကြပါတယ်။

နန်းအုန်းရဲ့ အလုပ်ရှင် အသက် ၃၈နှစ်အရွယ် ထိုင်းအမျိုးသမီး ပရင်ဒါ မန်နိုခမ်က သေဆုံးနေတဲ့သူတို့ကို ပထမဆုံးစတွေ့တာဖြစ်ပြီး သူမက ဆန်ကမ်ပအန်ရဲဌာနကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

နန်းအုံးဟာ သူမရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေပြီး အခင်းဖြစ်တဲ့နေ့က အလုပ်မလာဘူးလို့ ဆိုင်ရှင် ပရင်ဒါကပြောပါတယ်။အဲဒါကြောင့် ပရင်ဒါက သူ့အလုပ်သမားတွေကို နန်းအုန်းအိမ်သွားကြည့်ခိုင်းခဲ့ပါ တယ်။

အလုပ်သမားတွေက သူတို့ရဲ့အလုပ်ဖော်ဖြစ်တဲ့နန်းအုန်းက အပြင်ကနေ အော်ပြီးဆက်သွယ်ပါတယ်။ ဒါပေမယ့် အတွင်းက ဘာမှမတုန့်ပြန်လို့ ပရင်ဒါက စိတ်ပူပူနှင့် အကြောင်းကြားခဲ့ပါတယ်။ အဲဒါကြောင့်ပရင်ဒါကိုယ်တိုင်လိုက်လာပြီး အိမ်နောက်ဖက်တံခါးပေါက်ကနေ အတင်းဝင်ကြည့်တဲ့အခါ ကြောက်မက်စရာမြင်ကွင်းတွေကိုတွေ့လိုက်ရခြင်းဖြစ်ပါတယ်လို့သတင်းကရေးသားပါတယ်။

နန်းအုန်းကို အိမ်ငှားပေးခဲ့တာဖြစ်တယ်လို့ ပရင်ဒါကပြောပါတယ်။ ဒါပေမယ့် စံသူအေးကတော့ သူမရဲ့ အလုပ်သမားမဟုတ်ဘဲ အခြားစားသောက်ဆိုင်မှာအလုပ်လုပ်နေတာလို့လည်းဆိုပါတယ်။

ယခုလိုကိုယ့်ကိုကိုယ်သတ်သေမှုနှင့်လူသတ်မှုတွေဖြစ်ရတဲ့အကြောင်းရင်းဟာ သဝန်တိုမှုကြောင့်ဖြစ်မယ် လို့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေအရ ယုံကြည်ထားကြပါတယ်။ နန်းအုန်းဟာ နေ့စဉ်နီးပါး လူတစ် ယောက်နှင့် ဖုန်းအကြာကြီးပြောလေ့ရှိတယ်လို့သိရပြီး အဲဒါကြောင့် သူ့ယောကျ်ားဟာ သူ့မိန်းမကို လင်ငယ်ထားနေတယ်လို့ သံသယဖြစ်လာတာဖြစ်ကြောင်း သတင်းကရေးသားပါတယ်။

အရာရှိတွေက မှုခင်းဖြစ်တဲ့နေရာကို စစ်ဆေးနေစဉ်မှာပဲ နန်းအုန်းရဲ့မိုဘိုင်းလ်ဖုန်းကို ဖုန်းတွေ အဆက်မပြတ်ခေါ်နေတာတွေ့ရတယ်လို့ရဲတွေကဖြည့်စွက်ပြောပါတယ်။

Source: Thai Local News outlets