#LocalNews

Published 8 Dec 2021

ဒုတိယအကြိမ် လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဒီဇင်ဘာလ ၇ ရက်နေ့က ဖွင့်လှစ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဖိုရမ်ကို “စိန်ခေါ်မှုများကို အတူလက်တွဲရင်ဆိုင်၍ အတူစည်ပင်ဝပြောတိုးတက်မှုမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် (၆)နိုင်ငံမှ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Liu Zhenmin တို့ တက်ရောက်ပြီး အမှာစကားများပြောကြားခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး Mr. Li Guoying က အမှာစကား ပြောကြားရာတွင် "လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား ထူထောင်သည့် ၅ နှစ်တာကာလအတွင်း ခြောက်နိုင်ငံမှ ရေနှင့်ဆက်နွှယ်သည့် ဌာနများအကြား မူဝါဒဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုနှင့် နည်းပညာဖလှယ်မှုများ အရှိန်မြှင့်ဆောင်ရွက်ခဲ့ပါတယ်။ မြစ်ဝှမ်း သတင်းအချက်အလက်များ မျှဝေခြင်းလုပ်ငန်းစဉ်ကို မြှင့်တင်ခဲ့ပြီး ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု တုံ့ပြန်နိုင်မှုတို့ကို မြှင့်တင်ခဲ့ပြီး မြစ်ဝှမ်းနိုင်ငံအသီးသီးမှ ပြည်သူလူထု၏ အကျိုးစီးပွားကို မြှင့်တင်ပေးခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဝန်ကြီး Mr. Li Guoying က ထပ်ဆင့်ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဥ်းလို့ အချက် (၄)ချက်ကို အကြံပြုခဲ့ပြီး လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက်နှင့် အသိပညာမျှဝေရေး ပလက်ဖောင်း အတူတကွတည်ဆောက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

 

ဆက်လက်၍ မြန်မာနိုင်ငံ ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ရာမှာတော့ "မြန်မာနိုင်ငံသည် ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ရေကြီးမည့်ကြိုတင်သတိပေးစနစ်ကို အထောက်အကူပြုမည့် မိုးရေချိန်တိုင်းကိရိယာများ တင်ဆင်ခြင်း စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင်
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားခဲ့ပါတယ်။

 

ထို့အပြင် ယခုဖိုရမ်တွင် ဆွေးနွေးသည့် ရလဒ်ကောင်းများမှတစ်ဆင့် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု (၅)နှစ်စီမံကိန်းအကောင်အထည်ဖော်မှုမှတစ်ဆင့် ဒေသတွင်းအရင်းအမြစ် စီမံခန့်ခွဲမှုစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်းနှင့် တရုတ်နိုင်ငံက ရေအရင်းအမြစ်စီမံခန့်ခွဲမှုများနှင့် ကပ်ရောဂါကာကွယ်ရေးတို့တွင် မြန်မာနိုင်ငံသို့ ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

#Yangon_Media_Group