#LocalNews
Published -3 june 2022
အရေးပေါ်လူနာတွေနဲ့ လူနာတွေကို အခမဲ့ပို့ဆောင်ပေးနေတဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဟာ နောက် (၁၅)ရက်စာအတွက်ပဲ စက်သုံးဆီရှိတော့လို့ လူနာပို့ဆောင်မှုတွေကို ယာယီရပ်နားရတော့မယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က YMG ကို ပြောပါတယ်၊၊
တစ်ရက်ကို လူနာတင်ယာဥ်တွေအတွက် စက်သုံးဆီ (၂)သိန်းဖိုးထည့်နေရပြီး အခမဲ့ဆေးခန်းအတွက်လည်း ဆီဖိုးတွေသိန်းချီကုန်ကျနေတယ်လို့ ဆိုပါတယ်၊၊
"ဒီဇယ်ရော၊ ဓာတ်ဆီရောဈေးတက်နေတာပေါ့နော်၊၊ သွားလို့ရသလောက်တော့ သွားနေပါတယ်၊၊ ကျွန်တော်တို့ (၁၅)ရက်စာလောက်တော့ကျန်ပါသေးတယ်၊၊ ကိုဗစ်ကာလကတည်းက အလှူရှင်နည်းပါးခဲ့တာပါ၊၊ အခုဆိုရင် ဆီဈေးတွေတက်လာတဲ့အတွက် လူနာတင်ယာဥ်ပို့ဆောင်တာတွေ ယာယီရပ်နားရတော့မလို ဖြစ်နေပါတယ်၊၊ တစ်ရက်ကို လူနာတင်ယာဥ်တွေအတွက် စက်သုံးဆီ (၂)သိန်းဖိုးထည့်နေရပြီး အခမဲ့ဆေးခန်းအတွက်လည်း ဆီဖိုးတွေလည်း ကုန်ကျပါတယ်"လို့ ကိုထင်လင်းအောင်က YMG ကို ပြောပါတယ်၊၊
ပုလဲအရန်မီးသတ်တပ်ဖွဲ့ဟာအခမဲ့ အရေးပေါ် လူနာတင်ယာဉ်ကူညီမှုအပြင်အခမဲ့ ဆေးခန်းနဲ့ ပြည်သူတွေရဲ့ အကူအညီတောင်းခံမှုတွေကို အခမဲ့ကူညီခဲ့ပြီး အလှူရှင်တွေရဲ့အလှူတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်၊၊
အခုချိန်မှာ ဆီဈေးတွေတက်လာတာကြောင့်လည်းကောင်း၊ အလှူရှင်နည်းပါးတာကြောင့်လည်းကောင်း လူနာတွေကိုပို့ဆောင်ပေးဖို့ခက်ခဲနေပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကားရေဆေးတဲ့အလုပ်ကိုလည်း ဖွင့်သွားဖို့ရှိတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်ထံမှ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
#Published 4 June 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွဲပြောင်းပေးလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း(၂၀၃)ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြပါတယ်။
နေရပ်ပြန်ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား(၁၈) ဦး၊ အမျိုးသမီး(၃၈)ဦး၊ စုစုပေါင်း(၅၆) ဦးနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ အမျိုးသား(၁၀၁)ဦး၊ အမျိုးသမီး(၄၆)ဦး၊ စုစုပေါင်း (၁၄၇)ဦး တို့ကို ဒေသတာဝန်ရှိသူတွေက လက်ခံခဲ့ကြတာဖြစ်ပါတယ်။
နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်ပြီး ဝမ်လုံး Quarantine Centre တွင်(၅) ရက်ထားရှိကာ ဆေးစစ်မှု နှစ်ကြိမ်ထပ်မံပြုလုပ်ပြီး ရောဂါပိုးကင်းရှင်းပါက မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ် ကြောင်းသိရပါတယ်။
ymg/ys-TCL
#Yangon_Media_Group
#DailyNews
Published - 4 June 2022
၁။ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းကြီးအချို့ ကိုယ်ပိုင်ဆီဆိုင်ရှိခြင်းကြောင့် အခက်အခဲမရှိသေးဟုဆို
၂။ ရန်ကုန်တိုင်းအပါအဝင် အခြားမြို့နယ် ၁၀ မြို့နယ်က စပါးစိုက်တောင်သူများအတွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာများကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဂန်နမ်စတိုင်လ်သီချင်းထွက်ရှိပြီး(၁၀)နှစ်အကြာ ဘဝမှာကျေနပ်စရာအကောင်းဆုံးအချိန်ကိုပိုင်ဆိုင်နေရပြီဟုဆိုလာသည့် တောင်ကိုရီးယားအဆိုတော် PSY ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 June 2022
ပြည်ပမှတင်သွင်းလာသည့် စက်သုံးဆီများ လာမည့်ရက်အနည်းငယ်အတွင်း ဆိပ်ကမ်းသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"Ron 92 နဲ့ Ron 95 အောက်တိန်းဆီတွေ ဒီတစ်ရက်နှစ်ရက်အတွင်းရောက်မယ့် သင်္ဘောမှာ ပါလာပါလိမ့်မယ်။ ဒီနေ့တော့မဟုတ်ဘူး။ နောက်ဆိုက်လာမယ့်သင်္ဘောတွေမှာ ပါပါလိမ့်မယ်။ ကျွန်တော်တို့လည်း စိစစ်ပြီးခွင့်ပြုပေးနေပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တင်သွင်းလာတဲ့ကုမ္ပဏီတွေက သူတို့ရောက်တာနဲ့အမြန်ဆုံးဖြန့်ပေးပါလိမ့်မယ်။ နောက်ပိုင်းဆိုရင်တော့ ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ်" ဟု ယင်းကဆိုသည်။
ပြည်တွင်းဈေးကွက်တွင် စက်သုံးဆီပြတ်လပ်မှုမရှိဘဲ ဇွန်လ ၁၆ ရက်အထိ အလုံအလောက်ရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ သို့သော်လည်း လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ဆီဆိုင်အချို့မှာ ဆီဝယ်ယူ၍မရတော့ကြောင်း ကိုယ်ပိုင်ယာဉ်မောင်းနှင့် အငှားယာဉ်မောင်းအချို့က ပြောသည်။
"ဆီကဝယ်လိုမရဘူး။ ရပြန်တော့လည်း အကန့်အသတ်နဲ့ပဲရတာ။ အခုဆိုရင် ဆီထည့်ဖို့အတွက် တစ်မြို့လုံးပတ်ရှာပြီးဝယ်ထည့်ရတယ်။ တန်းစီစောင့်ရတယ်။ ကိုယ့်အလှည့်ရောက်ရင်ကုန်သွားတာမျိုးရှိတယ်။ အဆင်မပြေတာတွေတော့ တော်တော်များတယ်" ဟု ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးနေလင်းက ပြောသည်။
ဇွန်လ ၄ ရက်တွင်ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၅ တစ်လီတာ ၂,၂၈၀ ကျပ်၊ ၉၂ တစ်လီတာ ၂,၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂,၅၂၅ ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂,၅၀၀ ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published -3 june 2022
မိုးရာသီကာလ သဘာဝဘေးကြောင့် ကမ္ဘာ့အမွေအနှစ်တင်မည့်မြောက်ဦးအမွေအနှစ်များထိခိုက်ပျက်စီးမှု မရှိအောင်ထိန်းသိမ်းပေးရန်လိုကြောင်း Myauk Oo Heritage Trust အဖွဲ့က ဒေါ်ခင်သန်းက YMG ကို ပြောသည်၊၊
ချောင်းများမြောင်းများပိတ်နေသည့်အတွက် ရေကြီးနိုင်သည့်အန္တရာယ်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် အမွေအနှစ်များ ထိခိုက်နိုင်သည်ဟုဆိုသည်၊၊
"သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်ထားတာက မိုးသာများမယ်ဆိုရင်သွားနိုင်(ထိခိုက်) နိုင်တယ်၊၊ ချောင်းတွေမြောင်းတွေတော်တော်များ များပိတ်နေတယ်လေ၊၊ကျူးကျော်တာတွေ အမှိုက်တွေနဲ့ဖြစ်ပြီးတော့ဒါတွေကို ရှင်းလင်းဖယ်ရှားခြင်း မရှိသေးသည့်အတွက်ကြောင့်မို ရေကြီးနိုင်တဲ့အန္တရာယ်တော့ရှိတယ်၊၊ မိုးများလာတယ်၊၊ စည်ပင်သာယာနဲ့ဆိုင်တယ်၊၊ လမ်းတံတားတွေနဲ့လည်းဆိုင်တယ်၊၊ ရေလွှမ်းတွေအတိုင်းအတာပေါ် မူတည်ပြီး အမွေအနှစ်တွေ ဘယ်ဟာတွေမြုပ်လဲ ထိခိုက်မှုရှိမရှိပြောနိုင်မယ်၊၊ တစ်မြို့လုံးကယဥ်ကျေးမှုအမွေအနှစ်ဒေသကြီးဖြစ်နေတော့လေ၊၊ ၂၀၁၅ခုနှစ်တုန်းကတော့ တော်တော်များများ ရေမြုပ်သွားလို့ အချို့နေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေ မြေပြိုမှုတွေ၊ တိုက်စားမှုတွေ ရေကြောင်းပြောင်းလဲမှုတွေ အဲဒါတွေကတော်တော်များများဖြစ်သွားတယ်"ဟု Myauk Oo Heritage Trust အဖွဲ့က ဒေါ်ခင်သန်းက YMG ကို ပြောသည်၊၊
မြောက်ဦးဒေသတွင် လေးမြို့မြစ်နှင့် ကုလားတန်မြစ်များက ပို့ချမှုများပြီးမြောက်ဦးဒေသအရှေ့ပိုင်းများကတော့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ကြောင်း သိရသည်၊၊
ရှေးဟောင်းသုတေသနဌာနအနေဖြင့် ပုံမှန်ထိန်းသိမ်းရေးလုပ်ငန်းများအပြင် မြောက်ဦးရှေးဟောင်းဘုရားများတွင် ပေါက်ရောက်နေသည့် ရေညှိများ၊ မှိုများ၊ အပင်များကို ဓာတုဆေးရည်ဖြင့်သတ်ခြင်းများ၊ သန့်ရှင်းရေးများ ဆောင်ရွက်ကြကြောင်းဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 4 June 2022
စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ၁ ပြားလျှင် ငွေကျပ် ၆ သောင်း၊ Ketamine-ကက်တမင်း ၁ ဂရမ်လျှင် ငွေကျပ် ၆ သောင်း၊ Happy Water (စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့်) ၇ ဂရမ်ပါ ၁ ထုပ်လျှင် ငွေကျပ် ၈ သောင်းနှုန်းဖြင့် KTV နှင့် Entertainment / Bar / Club များတွင် လာရောက်ကြသည့် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှ အခန်းအမှတ်(၅၀၉)ကို သတင်းအရရှာဖွေရာ နိုင်လွင်နှင့်ဟိန်းသူစိုး(ခ)Shake တို ၂ ဦးအား Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ဆေးပြား ၅၀ ပြား၊ Ketamine-ကက်တမင်း ၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးချက်အရ ည ၇ နာရီအချိန်တွင် စိတ်ပြောင်းဆေးဝါးများဖြန့်ဖြူးရောင်းချသူ ထက်အောင်ဝေ(ခ)Jason အား ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဟိုတယ် ကားပါကင်၌ Chevrolet မော်တော်ယာဉ်နှင့်အတူ Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ဆေးပြား ၄၀၀၀ ပြား၊ Ketamine-ကက်တမင်း ၁၇၀ ဂရမ်၊ Happy Water (စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသောအမှုန့်) ၇ ဂ၇မ်စီပါ အထုပ် ၇၀ နှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ပါတယ်။
သတင်းကွင်းဆက်အရ မေလ ၂၆ ရက်နေ့ နံနက် ၇ နာရီ အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကောင်းစစ်(ခ)ကိုစစ် အား Ketamine- ကက်တမင်း သုညဒသမ ၂ ဂရမ်၊ Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ဆေးပြား ၁ ပြား၊ Happy Water (စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၁၅ ဂရမ်တိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြန်ပါတယ်။
ထို့ကြောင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ Ecstasy-အက်တက်စီ(ခေါင်းခါဆေး)ဆေးပြား ၄၀၅၁ ပြား၊ Ketamine-ကက်တမင်း ၁၇၃ ဒသမ ၂ ဂရမ်၊ Happy Water (စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၄၉၇ ဂရမ်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့် အလားတူလူငယ်များ အန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဖြန့်ဖြူးရောင်းချမှုများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 4 June 2022
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)ကို ယမန်နေ့ညနေပိုင်းတွင် ဓားပြတိုက်သူများအား ညနေ ၃ နာရီ ခွဲခန့်တွင် ဘားအံ-မြိုင်ကြီးငူ ကားလမ်း၊ ကြိုချောင်းကျေးရွာ စစ်ဆေးရေးဂိတ်အနီး၌ လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့ညနေ ၃ နာရီခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းရှိ CB ဘဏ်ခွဲ(၂)သို့ ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၁၂၅၄ သိန်းကိုယူဆောင်၍ ထွက်ပြေးသွားခဲ့သည့်အတွက် ဓားပြတိုက်မှုအား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့ဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက်အဖွဲ့သည် ဘားအံ-မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ရာ ကြိုချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်မှာ လမ်းဘေးရှိ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပါတယ်။
ထို့နောက်ယာဉ်ပေါ်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းသီဟအား အသေဖမ်းဆီးရမိကာ မောင်မောင်ဦးနှင့် ကျော်ကျော်တို့ကို Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံး၊ လုယက်ခဲ့သည့် ငွေကျပ် ၁၂၅၄ သိန်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးမှာ ရှမ်းရွာသစ်တွင် နေထိုင်လျက်ရှိသူ PDF များဖြစ်သည့် ကိုကြက်နှင့် ကုလားတို့ ဖြစ်ကြပါတယ်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသူများကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1887 of 2112