#LocalNews
Published_7 June 2022
ပဲခူး ကမ္ဘောဇသာဒီရွှေနန်းတော်တွင် အမှတ်တရဓာတ်ပုံရိုက်လိုသူများအတွက် နန်းဝတ်နန်းစားဝတ်စုံများကို သမိုင်းယဉ်ကျေးမှု မလွဲချော်စေရန် သိနားလည်သသည့်ပညာရှင်များ၏ အကူအညီရယူ၍ ဆောင်ရွက်နေကြောင်း သိရသည်။
ကမ္ဘောဇသာဒီရွှေနန်းတော်သည် အောက်မြန်မာပြည်တွင် တစ်ခုတည်းသော မင်းနေပြည်တော်အဖြစ် ထီးနန်းစိုက်ခဲ့ရာနေရာဖြစ်ပြီးယခုအခါ လေ့လာသူများ ပြန်လည်ရှိလာပြီဖြစ်ကြောင်း၊ နန်းတော်ဝင်းအတွင်း လှည့်လည်လေ့လာနိုင်ရန်အတွက် စက်ဘီးနှင့် မြင်းများကိုလည်း ငှားရမ်းစီးနင်းနိုင်ရန် ဆောင်ရွက်ပေးထားကာ အမှတ်တရဓာတ်ပုံရိုက်နိုင်ရန် KanBawZaThadi မြက်ခင်းပြင်ကိုလည်း ပြုလုပ်ပေးထားကြောင်းသိရသည်။
"အမှတ်တရဓာတ်ပုံရိုက်နိုင်ဖို့အတွက် အထိမ်းအမှတ်သင်္ကေတပုံတွေရှိတယ်။ လာရောက်လေ့လာလည်ပတ်ကြသူတွေအနေနဲ့ ရိုးရာဝတ်စုံနဲ့ နန်းတော်အတွင်း ဓာတ်ပုံရိုက်နိုင်ဖို့ ရိုးရာဝတ်စုံတွေ ငှားရမ်းပေးတာ ရှိပါတယ်၊ ဗမာ၊ ရှမ်း၊ မွန် ဝတ်စုံ၊ ထိုင်း၊ တရုတ်ဝတ်စုံတွေထားရှိပေးထားပါတယ်"ဟု အဆိုပါ ရွှေနန်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ နန်းတော်အတွင်း ဒုတိယမြန်မာနိုင်တော်ကြီးအဖြစ် စုစည်းဆောင်ရွက်နိုင်ခဲ့သည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြသာဒ်ဆောင်၊ ဘမရာသနပလ္လင် (စက်တော်ခေါ်ရာအဆောင်)ဆောင်တို့ကို ရှေးဟောင်းသုသေသနဦးစီးဌာနမှ ရှေးမူမပျက် ပုံစံတူပြန်လည်ဆောက်လုပ်ထားပြီး ဘုရင့်နောင်မင်းတရားကြီး၏ မိဖုရားခေါင် ခင်ခင်ကြီးနှင့်ထိုင်းနိုင်ငံမှ ဆက်သခဲ့သည့် မင်းသမီးဆုပန်ကလျာအဆောင်နှင့် မင်္ဂလာကန်တော်တို့လည်း ရှိသောကြောင့် လာရောက်လေ့လာသူများ နေ့စဉ်ရှိနေကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 7 June 2022
လိပ်ကျွန်းလူသတ်မှုကြောင့် ထိုင်းနိုင်ငံတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်အတွက် စိတ်ပိုင်းဆိုင်ရာအားပေးမှု လိုအပ်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
"လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ဇော်ဟာ သေဒဏ်ကနေ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရပါတယ်။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ထောင်ဝင်စာပုံမှန်တွေ့နိုင်အောင် ကြိုးစားသင့်ပါတယ်၊ အရင်အစိုးရတွေတုန်းကလည်း ထောင်ဝင်စာပုံမှန်တွေ့ဖို့ ပျက်ကွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လိပ်ကျွန်းအမှုနဲ့ တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကျနေတဲ့ "ဝင်း"နဲ့ "ဇော်”ကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်းပဲ လုပ်ဆောင်သင့်ပါတယ်" ဟု ယင်းကပြောသည်။
"ဝင်း" နှင့် "ဇော်" သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှုအပါအဝင် အမှုပေါင်း ၇ ခုဖြင့် ထိုင်းရဲတပ်ဖွဲ့၏တရားစွဲဆိုခံခဲ့ရကာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က အသနားခံစာတင်ပြမှုကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် သေဒဏ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြစ်ဒဏ်လျှော့ပေါ့ပေးခံထားရခြင်း ဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 7 June 2022
မြန်မာ-ကိုရီးယား နှစ်နိုင်ငံသဘောတူညီမှုအရ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများကို တရားဝင်စေလွှတ်လျှက်ရှိရာ ဒီကနေ့ ဇွန် ၇ ရက်တွင် အလုပ်သမား ၁၃၀ ဦး အင်ချွန်းလေဆိပ်ကို ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ရောက်ရှိလာတဲ့ မြန်မာလုပ်သားများကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလအတွင်း တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၃၁၀ ကျော်နှင့် မေလအတွင်း မြန်မာလုပ်သား ၆၂၀ ကျော်တို့ခေါ်ယူခဲ့ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသောစာရင်းများအရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_7 June 2022
နစကငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NDAA (မိုင်းလား)တို့ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန်လ ၆ ရက်က နေပြည်တော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်က ဆွေးနွေးစဉ်တွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို နှစ်ဖက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘော တူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေးနွေးရန် ကျန် ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကိုလည်းကောင်း၊ ညှိနှိုင်းရေး ကော်မတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် အမျိုးသားဒီမိုကရက် တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူ၊ အတွင်းရေးမှူးအဖွဲ့ဝင်နှင့် ဆက်ဆံရေးနှင့်ဆက်သွယ် ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ခဲ့ကြသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_7 June 2022
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဆေးလိပ်ငွေ့အနံ့မခံနိုင်သောအိမ်နီးချင်းက ရဲစခန်းကိုတိုင်ကြားရာ တရားမဝင် မြန်မာနိုင်ငံသား အယောက် ၅၀ ဖမ်းမိကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ဇွန်လ ၅ ရက်ည သံခေါင်ယံအချိန်ဘန်ကောက်မြို့အဝင်လမ်း ခေါင်ဝပ်ခရိုင် ပကျွတ်ခီရီခန်ပြည်နယ် ပြည်သူအစောင့်ကြပ် ရဲဌာနမှ ယင်းရဲဌာနနှင့် မီတာ၂၀ခန့် အကွာ အခန်းတစ်ခန်းတွင် ယာယီတည်းခိုနေထိုင်သော ပြည့်ကြပ်နေသည့် မြန်မာနိုင်ငံသား ၅၄ ဦးကို ဖမ်းမိကြောင်း၊ ယင်းတွင် ၄ ဦးမှာ အလည် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး ကျန်သူများမှာ အထောက်အထားမဲ့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမဝင်မြန်မာနိုင်ငံသား ၅၀ ဦးမှာ ချင်းပြည်နယ်အတွင်းပဋိပက္ခများဖြစ်ပွား၍ အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်ရန် တရားမဝင်လမ်းမှ လာရောက်နေသူဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားလာရောက်ခေါ်ဆောင်သည်ကို စောင့်ဆိုင်းနေကြသူများ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 7 June 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြိုနယ်တွင် ပြည်သူအငှားအိမ်ရာ စီမံကိန်း အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်းဆောက်လုပ်လျက်ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်းများအသင်းချုပ်မှ အဆောက်အဦ ၉၇ လုံးတွင် ၅၉ ရာခိုင်နှုန်းပြီးစီး၍ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်မှ အဆောက်အဦ ၉၇ လုံး ဆောင်ရွက်ရာ ၅၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး၍ စုစုပေါင်း အိမ်ရာစီမံကိန်းလုပ်ငန်းများ ပျမ်းမျှ ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။
ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၈ ခန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နစက ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၇) လမ်းမကြီးနှင့် အမှတ် (၂) လမ်းမကြီးအကြားရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အိမ်ရာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးအတွက် စာချုပ်ပါ စည်းကမ်းများ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပေးရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေ့လွင့်မှုမရှိစေရန်နှင့်လုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ဝန်ကြီးက မှာကြားခဲ့ပါတယ်။
ထို့ပြင် အိမ်ရာစီမံကိန်းအတွင်း နေထိုင်မည့်သူများ အဆင်ပြေစေရေးအတွက် ရေ/မီး ရရှိရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး သစ်ပင်များ စိုက်ပျိုးပေးရန်မှာ ကြားခဲ့တယ်လို့ သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 7 june 2022
ဇွန်လ၆ရက် ညနေ၄နာရီ၂၄ အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေရှိ တက်မရေနံမြေတွင် ရေနံတွင်း မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
အဆိုပါ မီးလောင်မှုကို ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စဉ့်ကူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ ကြောင်းသိရသည်၊၊
Photo MSFD
ymg/tthl
#Yangon_Media_Group
Page 1881 of 2112