၄ ဇူလိုင် ၂၀၂၅
PDF နှင့် လက်နက်ကိုင်အုပ်စုများကို ဥပဒေဘောင်အတွင်းတရားဝင်ရပ်တည်ကာ နိုင်ငံတော် အကျိုး ဒေသအကျိုးကို အစိုးရ၊တပ်မတော်တို့နှင့် အတူလက်တွဲဖော်ဆောင်ကြရန် နစက အစိုးရက ယနေ့ ဇူလိုင် ၄ရက်က ဖိတ်ခေါ်လိုက်ပါတယ်။
နစက သတင်းထုတ်ပြန်ရေးအဖွဲက့ ဇူလိုင် ၄ရက်နေ့စွဲနှင့် ပြည်ထောင်စု အကျိုးအတွက်ဖိတ်ခေါ်ချက် ထုတ်ပြန်ပြီး ယင်းကဲ့သို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။
“ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသ အကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင် ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်” လို့ အဆိုပါ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်ရပ် တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး PDFအမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန် းချက်မှာလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်တယ်လို့ ပြောဆိုကမ်းလှမ်းထားတာဖြစ်ပါတယ်။
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့်မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှု မရှိ သည့်အတွက်ကြောင့်လည်းကောင်း၊ မိမိတို့၏ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့်လည်း ကောင်း မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့်ဆွေမျိုးသားချင်းတို့သည် လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကိုထောက်ထား၍ဖြစ်စေ၊ မိမိတို့ဒေသတည်ငြိမ် အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ဖြစ်စေ ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အဝပူးပေါင်းပါဝင်ဆေင်ရွက်ကြဖို့လည်း အဆိုပါ ဖိတ်ခေါ်ချက်မှာ တိုက်တွန်းထားပါတယ်။
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲကို ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ၂၀၂၆ ဇန်နဝါရီ ပထမအတွင်း ကျင်းပပေးမယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောကြားအပြီး ယခုကဲ့သို့ ဖိတ်ခေါ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
@ymg/knl