#Local_News
Published 24 July 2026

■ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ "ဇာနန်းလှ" က မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး) "ရဋ္ဌနန္ဒက" သည် လက်ရှိ အသက်(၄)နှစ်အရွယ်တွင် ကျန်းမာသန်စွမ်းစွာ ကြီးထွားလျက်ရှိကြောင်း သိရသည်။

■ အဆိုပါ ဆင်ဖြူတော်လေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ မွေးဖွားစဉ်က အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိခဲ့ကြောင်းသိရသည်။

■ "ရဋ္ဌနန္ဒက" သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ (၈)ချက်အနက် (၇)ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်ဖြစ်ပြီး မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ရှေ့ခြေသည်း (၅)ခုစီနှင့် နောက်ခြေသည်း (၄)ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့မှာထင်ရှားသည့် လက္ခဏာများဖြစ်ကြောင်းသိရသည်။

■ လက်ရှိတွင် "ရဋ္ဌနန္ဒက" သည် အရပ်အမြင့် ၅ ပေ ၆ လက်မ၊ ကိုယ်လုံးလုံးပတ် ၈ ပေ ၂ လက်မနှင့် ကိုယ်အလေးချိန် ၁,၇၇၅ ပေါင်အထိ ရှိလာပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိကြောင်း သိရသည်။

■ ထို့ပြင် "ရဋ္ဌနန္ဒက" သည် ငယ်စဉ်ကတည်းက လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ဖြစ်ပြီး လူနှင့်ဆင်အကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်နိုင်စေရန် "Peace Human and Elephant Interaction Training" စနစ်ဖြင့်ဆက်လက်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times