#Local_News
Published 15 October 2026

■ ရန်ကုန်မြို့ ၊ ကျောက်တန်းမြို့နယ်၊ မြို့မဈေးအတွင်းမှ ကောက်ယူစစ်ဆေးခဲ့သည့် “နဂါးနီ” အမှတ်တံဆိပ် ပုန်းရည်ကြီးတွင် (Benzoic Acid) ပါဝင်မှု သတ်မှတ်စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါထုတ်ကုန်အား ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးထုတ်ပြန်လိုက်သည်။

■ အဆိုပါ နဂါးနီပုန်းရည်ကြီး၌ Benzoic Acid ပါဝင်မှုမှာ 3440.4 (mg/kg) ထိ ပါဝင်နေပြီး၊ ယင်းပမာဏမှာ သတ်မှတ်ပမာဏဖြစ်သည့် 1000 (mg/kg) ထက် ၃ ဆကျော်လွန်ကဲနေကြောင်း သိရသည်။

■ Benzoic Acid သည် အစားအသောက်များ မပုပ်မသိုးစေရန် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး သတ်မှတ်ပမာဏထက် လွန်ကဲစွာ စားသုံးမိပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် အဆိုပါအမှတ်တံဆိပ်ပါ ပုန်းရည်ကြီးများအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့်ပြန်လည်ရုပ်သိမ်းရန် အသိပေးထားခြင်းဖြစ်ကြောင်းသိရသည်။

■ အဆိုပါ ပုန်းရည်ကြီးသည် ညောင်ဦးမြို့၊ ငါ့သရောက်၊ ဆည်ရွာရှိ “နဂါးနီ ပုန်းရည်ကြီး စားသောက်ကုန်လုပ်ငန်း” (ဦးအောင်လင်း + ဒေါ်တင်နွယ်စိုး) မှ ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်ပြီး ပလတ်စတစ်အိတ် (Plastic Pack) ဖြင့် ထုပ်ပိုးထားကာ ထုတ်လုပ်သည့် ရက်စွဲဖော်ပြထားခြင်း မရှိကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#YMG/NN #Yangon_Times