#Local_News
Published 20 October 2025

■ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်တာဝန် ရှိသူများနှင့်အတူ အောက်တိုဘာ ၁၈ မနက်ပိုင်းက တာချီလိတ်လေဆိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လေကြောင်းလုံခြုံမှုဆိုင်ရာများကိုကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

■ ထိုသို့ စစ်ဆေးရာ လေဆိပ် Terminal တွင် ခရီးသည်များအတွက် အသုံးပြုလျက်ရှိသည့်လေကြောင်းလိုင်းကောင်တာများ၊ X-Rays စက်များ၊ လေကြောင်း လုံခြုံမှုဆိုင်ရာ စစ်ဆေးမှုများ၊ ခရီးသည်များ လေယာဉ်စောင့်ဆိုင်းသည့်နေရာများနှင့်ရောက်ရှိခရီးသည်များအတွက် လေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ၊ ခရီးဆောင်အိတ်များ အဆင်ပြေစွာသယ်ဆောင်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ CCTV များ တပ်ဆင်ထားမှုနှင့် CCTV Control Room တို့ကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

■ ထို့နောက် လေဆိပ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်၏ အခြေအနေ၊ လေကြောင်းထိန်းမျှော်စင်တွင် အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးစက်များ အပါအဝင်အခြားဆက်စပ်ပစ္စည်း ကိရိယာများနှင့် VOR/DME စက်အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

■ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ခရီးသွားများ အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လေဆိပ် Terminal အတွင်း ဆောင်ရွက်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်စေရေး၊ လေဆိပ်အဆောက်အအုံများ အစဉ်သန့်ရှင်းနေစေရေး၊ ခရီးဆောင်ပစ္စည်းများ သယ်ယူရန် စောင့်ဆိုင်းနေရာများ သန့်ရှင်းမှုရှိနေစေရေး၊ မီးသတ်ယာဉ် အစဉ်ကောင်းမွန်ပြီး အဆင်သင့်ဖြစ်နေစေရေး၊ လေကြောင်းထိန်းများအနေဖြင့် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အတက်၊ အဆင်းပြုလုပ်နိုင်ရေးအတွက် တာဝန်ခံမှုအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြစေရေး၊ လေကြောင်းထိန်းမျှော်စင်အပေါ်မှ ပြေးလမ်းအစွန်းနှစ်ဖက်သို့ မြင်ကွင်းရှင်းလင်းမှုရှိစေရေး၊ လေယာဉ်ကွင်းပတ်လည်ရှိ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာကောင်းမွန်စေရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အဆင်း/အတက် ပြုလုပ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းဖြစ်သည့် VOR/DME စက် ကောင်းမွန်နေစေရေး၊ လေယာဉ်ကွင်းတွင် လေယာဉ်များ နေ့/ည အတက်အဆင်းရှိသည့်အတွက် ပြေးလမ်းမီးများ၊ PAPI Light များ ကောင်းမွန်နေစေရေးအပြင် လေယာဉ်ကွင်းအတွက်အသုံးပြုသည့် အရန်မီးစက်များ ကောင်းမွန်နေစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြီးကြပ်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times